တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Tue, 9 May 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ မေ‌  ၉

   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်စကားပြောကြားရာ၌ ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြင့်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိ လိုက်စားမှုကြောင့် နိုင်ငံတော်နစ်နာ ဆုံးရှုံးရသည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများကို ပျက်စီးစေသည့်အပြင် မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းစေနိုင်ပါကြောင်း၊ ထို့အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး ပြည်သူများအကြား ဆင်းရဲချမ်းသာကွာဟမှုများကိုလည်း ဖြစ်ပေါ်လာစေနိုင်ပြီး ပြည်သူ လူထု၏ ယုံကြည်မှုကို လျော့ကျစေကာ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု တစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း၊ အဂတိ လိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားနိုင်ပြီး အဂတိလိုက်စားပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် အထူးလိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန်၊ ကျောသားရင်သား မခွဲခြားဘဲမျှတစွာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်  တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ 

    အဂတိလိုက်စားမှုများ ပေါ်ပေါက်လာမှ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်တားဆီး ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိတို့မှတဆင့် မိမိတို့ပတ်ဝန်း ကျင်၊ မိမိတို့ အဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရန်၊ မိမိတို့ကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုကြရန်လည်း အထူးတိုက်တွန်းလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)ကို (၇-၅-၂၀၂၁) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်(၃၇/ ၂၀၂၁) ဖြင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်း အစီရင်ခံစာ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် အဂတိလိုက်စားမှု မရှိစေရေးနှင့် တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိသော သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပိုမိုခိုင်မာစွာဖြစ်ပေါ်လာစေရန် ဦးတည်ဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း  ပြောကြားပါသည်။


    ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အမှာစကားပြောကြားရာတွင် အဂတိဆိုသည်မှာ လားရာကို ဆန့်ကျင်ခြင်းဟု အဓိပ္ပာယ်ရပြီး ဘာသာတရားအရ ငါးပါးသီလကို မြဲမြံစွာလိုက်နာစောင့်ထိန်းပါက အဂတိတရားကင်းရှင်းသွားမည်ဖြစ်ပါကြောင်း၊ ငယ်စဉ်ကပင်  နေ့စဉ်ပြုမူနေထိုင်ပြောဆိုလုပ်ကိုင်ရာတွင် ပြည်သူ့နီတိနှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရေး သင်ကြားပို့ချရန်လိုအပ်ပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ဆရာကိုင်လက်စွဲစာအုပ်များကို အခြေခံမူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ရေးဆွဲပြုစုပြီး အဆင့်လိုက်ဘာသာရပ်များတွင် ထည့်သွင်းရေးဆွဲကာ သင်ကြားပို့ချနိုင်ရေး ညှိနှိုင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းအပြင် အခြေခံပညာကျောင်းများတွင်လည်း ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် Edutainment အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို မဖြစ်ခင်ကပင် ကြိုတင် တားဆီးကာကွယ်ခြင်းသည် ထိရောက်သည့်နည်းလမ်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို(၄)ကြိမ်တိုင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ထပ်မံ၍ ပြန်လည်ဆန်းစစ်လျက်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် ကျင့်ဝတ်ကို ပြဋ္ဌာန်းထားပြီး ကျင့်ဝတ်ပါ အခြေခံမူများဖြစ်သည့် ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာရပ်တည်နိုင်မှု၊ မျှတမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်ဆောင်ရွက်မှုများရှိစေရေး အလေးထားလိုက်နာ ဆောင်ရွက်ရပါကြောင်း၊ 

    ကမ္ဘာ့ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၁၇) ချက်ကို အောင်မြင်စွာ အကောင်ထည်ဖော်နိုင်ရန်မှာ ပန်းတိုင် (၁၆.၅) တွင် ဖော်ပြထားသည့် အဂတိလိုက်စားမှုကိုတိုက်ဖျက်ရန် အ‌ရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အဂတိလိုက်စားမှုလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များကိုလည်း ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း(၃၈)ခုအပြင် တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုတွင်လည်း ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ CPU အဖွဲ့များကို ခရိုင်အဆင့်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ CPU အဖွဲ့များအနေဖြင့် ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ်များပါအချက်များကို အကောင်အထည်ဖော်ရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိပါကြောင်း၊  ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှုကြောင့် ကမ္ဘာ့ GDP ၏ (၂.၆) ထရီလီယံခန့် ဆုံးရှုံးလျက်ရှိပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် (၅)% ခန့် ဆုံးရှုံးလျက်ရှိပါကြောင်း၊ ကော်မရှင်၏ ဆောင်ပုဒ်ဖြစ်သည့် “ Remove Corruption, Promote Prosperity” “အဂတိပယ်ခွာပြည်သာယာ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။


    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်   ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

   ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများ၊ ကော်မရှင်၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

    အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   Jeng Phang နော်တောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများရှိ  ဌာနခွဲများမှ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ