အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

  • Thu, 27 April 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဧပြီလ  ၂၆
        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးအနေဖြင့် Hybird Format ဖြင့် ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ  ၂၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။ 
    ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ကျင်းပသည့်အခမ်းအနားသည် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများတွင် ဖွဲ့စည်းထားသည့် CPU များ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်စေရန်နှင့် ဌာနများအချင်းချင်း သတင်းအချက်အလက်နှင့် အတွေ့အကြုံများဖလှယ်၍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊  ကော်မရှင်အနေနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် အဓိကအားဖြင့် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ဥပဒေအရ စုံစမ်းစစ်ဆေးအရေးယူခြင်းထက် အသိပညာပေးခြင်းနှင့် ကြိုတင်တားဆီး ကာကွယ်ခြင်းတို့မှာ အရေးကြီးပါကြောင်း၊ အသိပညာပေးရေးလုပ်ငန်းစဉ်တွင် စာသင်ကျောင်းများမှစ၍ ပြည်သူ့နီတိကို အခြေခံသည့် ဖြောင့်မတ်တည်ကြည်မှုနှင့်စပ်လျဉ်းသည့် သင်ခန်းစာများကို သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ကော်မရှင်မှ ထုတ်ဝေပြုစုခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် အခြေခံပညာမူလတန်း (ဆရာကိုင်စာအုပ်)၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် အခြေခံပညာအလယ်တန်း(ဆရာကိုင်စာအုပ်) ၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအထက်တန်း ရည်ညွှန်းစာစောင်များကိုလည်း ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအဆင့်အလိုက် သင်ရိုးညွှန်းတမ်းများတွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး သင်ခန်းစာများ ထည့်သွင်းသင်ကြားပေးပါက ပိုမိုထိရောက်မည်ဖြစ်သည့်အတွက် ထည့်သွင်းပြဋ္ဌာန်းပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အဖွဲ့များ၌ ပညာရေးကဏ္ဍမှ ဝန်ထမ်းများလည်း ပါဝင်ဖွဲ့စည်းထားသင့်ပါကြောင်း၊ CPU အဖွဲ့များအနေဖြင့် ဌာနနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် အခြေအနေများအပေါ် ပြန်လည်ဖြေရှင်းဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီဖြစ်ရန် လိုအပ်ပါကြောင်း၊ CPU ၏ လုပ်ငန်းတာဝန် (၃) ရပ်ဖြစ်သည့် ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှုနှင့်သက်ဆိုင်သော အဂတိလိုက်စားမှုပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊ တွေ့ရှိလာသောပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်၊ အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်သွားရန် စသည်တို့ကို ထိရောက်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အခြေအနေများကို ဖော်ထုတ်ပြုပြင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းအစီအစဉ် (၆) ရပ်ဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ အကြီးအကဲများ၏ ခွင့်ပြုချက်ဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU အသီးသီးအတွက် လုပ်ငန်းလမ်းညွှန်များကို ရေးဆွဲထားရှိရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ ခွင့်ပြုချက်ရယူလျက် ဦးစီးဌာန/ လုပ်ငန်းဌာနများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအချက်များ ပါဝင်သော တည်မြဲလုပ်ထုံးလုပ်နည်းများ (Standard Operating Procedures – SOPs) ကို သက်ဆိုင်ရာဌာန များက ရေးဆွဲရေးနှင့် အများပြည်သူ သိသင့်သည်များကို လက်အောက်ရုံး/ ဌာနခွဲ/ ဌာနစိတ်တို့တွင် ပွင့်လင်းမြင်သာသောနည်းလမ်းများဖြင့် ထင်ရှားစွာ ရေးသားချိတ်ဆွဲပြသထားရန်၊ ဝက်ဘ်ဆိုက်များတွင်လည်း ထည့်သွင်းအသိပေးကြေညာရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ခြင်းသည် ထိရောက်အကျိုးရှိပြီး ထိခိုက်မှုအနည်းဆုံးဖြစ်သည့် နည်းလမ်းဖြစ်ကာ ကာယကံရှင်ဌာနများက အဓိကဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုအမျိုးအစားများစွာရှိသည့်အနက် အသေးစားအဂတိလိုက်စားမှုများမှာ မိမိတို့ပတ်ဝန်းကျင်၊ ပြည်သူလူထုနှင့် ဌာနများ အတွင်း ယဉ်ကျေးမှုတစ်ခုသဖွယ် လက်ခံကျင့်သုံးနေသည့်ကိစ္စရပ်များ ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ CPU ဖွဲ့စည်းခြင်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အဂတိလိုက်စားမှု ဖြစ်ပွားနေမှု အပေါ် သတိမမူခြင်း၊ သတင်းပို့တိုင်ကြားမှုအပေါ် ထိရောက်စွာအရေးယူဆောင်ရွက်မှုမရှိခြင်း စသည့် အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေသည့် အခြေအနေများကို ပြုပြင်ပြောင်းလဲနိုင်မည်ဖြစ်ပြီး CPU ၏ လုပ်ငန်းတာဝန်များအရ အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်သည့်အပြင် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ဂုဏ်သိက္ခာနှင့် အစိုးရဌာနများအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ရရှိလာမည် ဖြစ်သည့်အတွက် ဌာနအကျိုးနှင့် အများပြည်သူအကျိုးတို့ တစ်ထပ်တည်း ဖြစ်ပေါ်စေမှာဖြစ်ကြောင်း၊ မိမိတို့ဌာနအလိုက် ချမှတ်ထားသည့်မူဝါဒများကို စဉ်ဆက်မပြတ် ပြန်လည်စိစစ်သုံးသပ်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် ပိုမိုထိရောက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် CPU ဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်သည် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဦးတည်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနအလိုက် သတင်းပေးပို့တိုင်ကြားနိုင်ရန် ထူထောင်ထားသည့် CPU သတင်းပေးပို့မှုစနစ်များသို့ တိုင်ကြားလာပါက စိစစ်၍ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာအကြီးအကဲထံ တင်ပြဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ သတင်းပေးပို့လာသည့်တိုင်ကြားစာများကို စိစစ်ပြီး အရေးယူဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပြီး အဂတိလိုက်စားမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ ဖြစ်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးရမှာဖြစ်ပါကြောင်း၊ ဌာနအလိုက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများတွင် အားနည်းချက်မရှိစေရေးအတွက် အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment – CRA) ဆောင်ရွက်ခြင်း၊ Public Feedback Programme - PFP ကဲ့သို့ ပြည်သူ့တုံ့ပြန်မှုရယူခြင်း Program များ အကောင်အထည်ဖော်ခြင်းများကို ထိရောက်စွာဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊  အောက်ခြေအဆင့်အထိ CPU များ ဖြန့်ကြက် ဖွဲ့စည်းဆောင်ရွက်ရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင်လည်း သက်ဆိုင်ရာကျင့်ဝတ်များ ရေးဆွဲပြဋ္ဌာန်းထားသင့်ကြောင်း၊ ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် အဖွဲ့အစည်း/ ဌာန/ ပြည်သူများနှင့် ထိတွေ့၍ ဌာန၏ လုပ်ဆောင်ချက်များ၊ ထုတ်ပြန်ထားသည့် ဥပဒေ/နည်းဥပဒေ/ အမိန့်/ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ချပြရှင်းလင်းခြင်း၊ အသိပညာပေးခြင်းတို့ဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြည်သူအားလုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြည့်ဝပါက အဂတိလိုက်စားမှု လျော့နည်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ 
        အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းဆိုသည်မှာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ဖြင့် ဆောင်ရွက်၍ရသည့်ကိစ္စမျိုး မဟုတ်ဘဲ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင်ရှိသည့် တစ်ဦးတစ်ယောက်ချင်းစီကစပြီး အဖွဲ့အစည်းများအထိပါ ပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်းမျိုးဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အတူတကွလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရက ဦးတည် ဆောင်ရွက်နေသည့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်သွား နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ၎င်းနောက် ကော်မရှင်အတွင်းရေးမှူးမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ CPU  အဖွဲ့ခေါင်းဆောင်များက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က လိုအပ်သည်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ကာ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်စပ် သတင်းများ