အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များအတွက် လုပ်ငန်းအစီအစဉ် (၆) ရပ် ချမှတ်ခြင်း

  • Sun, 20 January 2019

        အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့နည်းပညာဆိုင်ရာသင်တန်းအမှတ်စဉ် (၂/၂၀၁၉) တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းအစီအစဉ် (၆) ရပ်ကို အောက်ဖော်ပြ ပါအတိုင်း ချမှတ်နိုင်ခဲ့ပါသည်-

၁။ ပြည်ထောင်စုဝန်ကြီးများ၊ အကြီးအကဲများ၏ ခွင့်ပြုချက်ဖြင့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (CPU) အသီးသီးအတွက် လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) များကို ရေးဆွဲထားရှိရန်၊ 

၂။ ပြည်ထောင်စုဝန်ကြီးများ၊ အကြီးအကဲများ၏ ခွင့်ပြုချက်ရယူလျက် ဦးစီးဌာန/ လုပ်ငန်း ဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာအချက်များ ပါဝင်သော တည်မြဲလုပ်ထုံးလုပ်နည်းများ (Standing Operating Procedures – SOP)ကို သက်ဆိုင်ရာ ဌာနများက ရေးဆွဲရေးနှင့် အများပြည်သူ သိသင့်သည်များကို လက်အောက် ရုံး/ ဌာနခွဲ/ ဌာနစိတ်တို့တွင် ပွင့်လင်းမြင်သာသော နည်းလမ်းများဖြင့် ထင်ရှားစွာ ရေးသားချိတ်ဆွဲ ပြသထားရန်၊ Website များတွင်လည်း ထည့်သွင်း အသိပေး ကြေညာရန်၊

၃။ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုဆန်းစစ်ခြင်းကို အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးအဖွဲ့ (CPU) များက တာဝန်ယူဆောင်ရွက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ အကြီးအကဲများ ထံ တင်ပြသွားရန်၊ 

၄။ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှု ဖြစ်နိုင် ခြေရှိမှုမှ ကာကွယ်ရန်အတွက် အစိုးရဌာနများနှင့် ဆက်စပ်လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကျင့်ဝတ်များ ရေးဆွဲ ထားခြင်းရှိ/မရှိ စိစစ်ရန်နှင့် ကျင့်ဝတ်ရေးသားလိုက်နာခြင်းမရှိသော စီးပွားရေး လုပ်ငန်း များနှင့် ဝယ်ယူရေး၊ရောင်းချရေး၊တည်ဆောက်ရေးကိစ္စများ၌ လက်ခံဆောင်ရွက်ခြင်း မပြုရန်၊

၅။ တစ်ဘက်နှင့် အခြားတစ်ဘက် အခက်အခဲများ ဖြေရှင်းရန်နှင့် အထင်အမြင်လွဲမှားမှု မရှိစေရန် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် များအကြား အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဖိုရမ်များ၊ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များက ညှိနှိုင်းစီစဉ်ပေးရန်၊

၆။ ပြည်ထောင်စုဝန်ကြီးများ၊ အကြီးအကဲများ၏ လမ်းညွှန်မှုကိုခံယူလျက် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (CPU) များသည် အောက်ခြေရုံး ဌာနခွဲများတွင် ဝန်ဆောင်မှု ရယူ ကြရသော ပြည်သူတစ်ဦးချင်းထံသို့ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme-PFP) အသုံးပြု၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြီး အသေးစား အဂတိလိုက်စားမှုများ မဖြစ်စေရေး တားဆီးကာကွယ်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုသွားရန်။

ဆက်စပ် သတင်းများ