အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များအတွက် လုပ်ငန်းတာဝန် (၃) ရပ်ချမှတ်ခြင်း

  • Sat, 19 January 2019

၁၉-၁-၂၀၁၉


        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာ ဗျူဟာစီမံချက် (၂၀၁၈-၂၀၂၂) လုပ်ငန်းဧရိယာ (၁) ဖြစ်သည့် “ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းလုပ်ငန်းတို့ကို ထိရောက်ခိုင်မာစေသည့် အခြေခံကောင်းများ တည်ဆောက်ခြင်း” ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူတစ်ဦးချင်းအပေါ်သို့ သက်ရောက်နေသော အသေးစားအဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေရန်နှင့် ပြည်သူလူထု ၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေးနေသော ဝန်ဆောင်မှုများကို ပြည်သူလူထုထံသို့ ပိုမို ပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးနှင့်အစိုးရဌာန၊အဖွဲ့အစည်းများတွင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit- CPU) များကို ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ ပြည်ထောင်စု ဝန်ကြီး ဌာန အဖွဲ့အစည်း (၃၈)ခုနှင့် တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့ (၁၄) ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ အနေဖြင့် လုပ်ငန်းတာဝန်များကို ထိရောက် စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပခဲ့ သည့် “မူဝါဒပိုင်းဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲတွင် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်သုံးရပ်ကို ချမှတ်ခဲ့ ပါသည်-

(က) ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှုနှင့် သက်ဆိုင်သော အဂတိလိုက်စားမှု ပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊

 (ခ) တွေ့ရှိလာသော ပြဿနာများကို ဥပဒေနှင့်အညီဖြေရှင်းရန်၊

(ဂ) အဂတိလိုက်စားမှုဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်သွားရန်။ 

ဆက်စပ် သတင်းများ