ACRC သည် အစိုးရအဖွဲ့အစည်း (၅၀၆) ခု၏ ဥပဒေစည်းမျဉ်းများနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုဖြစ်နိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ အဖွဲ့အစည်းများ၏ အဂတိလိုက်စားမှုဖြစ်နိုင်ခြေရှိသော အကြောင်းရင်းပေါင်း ၄,၇၂၂ ခုကို ဖယ်ရှားခဲ့ပါသည်။ ပြည်ပသို့ အလုပ်ကိစ္စ ခရီးစဉ်များ၊ နိုင်ငံ့ဝန်ထမ်းရေးရာနှင့် တရားမျှတမှုမရှိသော စာချုပ်စာတမ်းများ စသည်တို့အပါအဝင် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိလိုက်စားမှုဖြစ်နိုင်ခြေရှိသည့် အကြောင်းအရင်းများကို တားဆီးကာကွယ်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဓလေ့ထုံးတမ်းကျင့်ထုံးများကို ကျင့်သုံးခြင်း

  • Wed, 11 January 2023

ACRC ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း နိုင်ငံတွင်းရှိ အစိုးရအဖွဲ့အစည်းများ၏ ဥပဒေ စည်းမျဥ်းများနှင့်စပ်လျဉ်းသော အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်း (CRA) ၏ ရလဒ်များအရ တွေ့ရှိခဲ့သည့်  ပြည်ပသို့ အလုပ်ကိစ္စခရီးစဉ်များ၊ ဝန်ထမ်း ရေးရာအပေါ် အခွင့်အာဏာ အလွဲသုံးစားလုပ်ခြင်းနှင့် တရားမျှတမှုမရှိသော စာချုပ်စာတမ်းများ စသည်တို့ကဲ့သို့သော အဂတိ လိုက်စားမှုကို ဖြစ်စေနိုင်သည့် အကြာင်းအရာများကို ဖယ်ရှားခဲ့ပါသည်။ အစိုးရအဖွဲ့အစည်းများ၏ အဆင့်မြင့်အရာရှိများနှင့် ဝန်ထမ်းများအား ဖြောင့်မတ်တည်ကြည်မှု အသိပညာပေးခြင်းများကို မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။

ကိုရီးယားနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် (ACRC၊ ဥက္ကဋ္ဌ Jeon Hyun-Heui) သည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ နောက်ဆုံးသုံးနှစ်တာ ကာလအတွင်း အစိုးရအဖွဲ့အစည်း (၅၀၆) ခု ၏ ဥပဒေစည်းမျဥ်းများနှင့်စပ်လျဉ်း၍ CRA ကို ဆောင်ရွက်ခဲ့ပြီး ရလဒ်များကို ထုတ်ပြန်ခဲ့ပါသည်။

        ACRC သည် ၂၀၀၉ ခုနှစ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ ပြည်သူ့အခွင့် အရေးကော်မရှင် တည်ထောင်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း ခြင်းဖြင့် ပြည်သူလူထုနှင့် နီးကပ်စွာဆက်စပ်နေသည့် အစိုးရအဖွဲ့အစည်းများတွင် CRA ကို စတင် ဆောင်ရွက်ခဲ့ပါသည်။ ပထမဦးစွာ အများပိုင်ကော်ပိုရေးရှင်းများကဲ့သို့သော ပြည်တွင်းကုမ္ပဏီများ၊ စက်မှုဇုန်များ၊ အစိုးရဖက်စပ်အဖွဲ့အစည်းများနှင့် အခြားအစိုးရအဖွဲ့အစည်းများတွင် CRA ကို စတင် ဆောင်ရွက်ခဲ့ပါသည်။

အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်ရှိမှုဆန်းစစ်ခြင်း ဆိုသည်မှာ ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ အကောင်အထည်ဖော်မှုတွင် အဂတိလိုက်စားမှုဖြစ်နိုင်ခြေအန္တရာယ်များကို ပပျောက် စေရန် ရည်ရွယ်သည့် ကြိုတင်စီမံထားသော အခြေခံအဂတိလိုက်စားမှု ကာကွယ်ရေးစနစ် ဖြစ်ပါ သည်။ အဆိုပါဥပဒေနှင့် စည်းမျဉ်းများကို ဆန်းစစ်ခြင်း၊ ဖော်ထုတ်ခြင်း၊ ဖယ်ရှားခြင်းနှင့် ပြင်ဆင်ခြင်း တို့ကို ပြုလုပ်ခြင်းဖြင့် ယင်းဥပဒေနှင့် စည်းမျဉ်းများ ရေးဆွဲသည့်အဆင့်မှ စတင်ကာ အဂတိလိုက်စားမှု ဖြစ်စေသော အချက်များကို အကဲဖြတ်ဆန်းစစ်ခြင်းဖြစ်ပါသည်။

CRA ၏ရလဒ်အနေဖြင့် ACRC သည် နိုင်ငံအတွင်းရှိ အစိုးရအဖွဲ့အစည်း (၅၀၆) ခု၏ ဥပဒေစည်းမျဉ်း (၄၈,၁၇၄) ချက်တွင် အကျင့်ပျက်ခြစားမှုဖြစ်နိုင်ခြေရှိသည့် အချက်ပေါင်း (၄,၇၂၂) ချက် ကို ဖော်ထုတ်ခဲ့ပြီး ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် အကြံပြုချက်များပေးခဲ့ပါသည်။

ACRC သည် အစိုးရအဖွဲ့အစည်းများ၏ အဆင်မြင့်အရာရှိများနှင့် ဝန်ထမ်းများ၏ အတု အယောင်နှင့် ပြည်ပသို့ အလုပ်ကိစ္စခရီးစဉ်များကို တားဆီးရန် အစီအမံများကို ချမှတ်ဆောင်ရွက် ထားပါသည်။ အထူးသဖြင့် ခရီးစဉ်များသည် စီးပွားရေး ရည်ရွယ်ချက်အတွက်ဖြစ်ကြောင်း ထင်ရှား စေရန် မဖြစ်မနေတင်ပြရမည့် အထောက်အထားများနှင့် ပြည်ပစီးပွားရေးခရီးစဉ်များ၏ ကနဦး စစ်ဆေးခြင်းများ စသည်တို့ဖြစ်ပါသည်။

ထို့အပြင် ACRC သည် ကြီးလေးသည့် စည်းကမ်းချိုးဖောက်မှုများကို ကျူးလွန်သော ဝန်ထမ်းတစ်ဦးအတွက် ရာထူးတိုးကာလ ကန့်သတ်ချက်များကို တိုးမြှင့်ခြင်းဖြင့် ရာထူးတိုးရန် အရည်အချင်းမပြည့်မီသော အရာရှိများအတွက် ဖြစ်နိုင်ခြေများကို ပိတ်ပင်ထားပြီး ယခင်က တိကျမှု မရှိသည့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ စံသတ်မှတ်ချက်များကို ရှင်းလင်သေချာစေရန် ဆောင် ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် ကော်မရှင်သည် အစိုးရအဖွဲ့အစည်းများအတွက် အလုပ်အကိုင် ခန့်ထား ခြင်းတွင် ဝန်ထမ်းရေးရာကော်မတီမှတစ်ဆင့် ဆောင်ရွက်ခြင်းဖြင့် မမှန်မကန်ဖြစ်စေနိုင်သော အကြောင်းအရင်းများကို ဖယ်ရှားခဲ့ပါသည်။

သဘောတူစာချုပ်တွင် တရားမျှတမှုရှိစေရန် ACRC သည် အငြိမ်းစားအစိုးရအရာရှိများ သို့မဟုတ် အငြိမ်းစား အဆင့်မြင့်အရာရှိများအား ၎င်းတို့ အငြိမ်းစားယူပြီး (၂) နှစ်အတွင်း ပုဂ္ဂလိက ကန်ထရိုက်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် ကုမ္ပဏီများတွင် အမှူဆောင်အရာရှိ အဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းများ မရှိစေရန် တားမြစ်ထားပါသည်။ 

ACRC သည် စည်းကမ်းနှင့် မညီညွတ်သော အမှုကိစ္စများကို တားဆီးကာကွယ်နိုင်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင်နာများ၏ ပုဂ္ဂလိက အကျိုးစီးပွား နယ်ပယ်ကို သတ်မှတ်ခြင်း၊ စုံစမ်း စစ်ဆေးရေးကော်မရှင်နာများစာရင်းနှင့် စုံစမ်းစစ်ဆေးမှုရလဒ်များကို ထုတ်ဖော်ခြင်း၊ မမှန်မကန်မှု ကျူးလွန်သူများအား ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ခြင်း၊ စည်းကမ်းနှင့် မညီသော ပြဋ္ဌာန်းချက် များနှင့် လက်ဆောင်ပစ္စည်းလက်မှတ်များကို တရားမဝင်အသုံးပြုခြင်းကို တားမြစ်ခြင်း၊ ကော်ပိုရိတ် ကတ်(Corporate Card) များအသုံးပြုမှုကို ထိန်းချုပ်ခြင်းနှင့် အကျိုးစီးပွားပဋိပက္ခ ကြိုတင် ကာကွယ်မှုဆိုင်ရာ စည်းမျဉ်းများကို ခိုင်မာအားကောင်းစေရန်အတွက် ပြန်လည်သုံးသပ်ရေး ဘုတ် အဖွဲ့ကို ဖွဲ့စည်းခြင်းနှင့် စီမံခန့်ခွဲခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ကိန်းဂဏန်းများအရ CRA ၏ ရလဒ်အနေဖြင့် အစိုးရအဖွဲ့အစည်းတစ်ခုစီတွင် အဂတိ လိုက်စားမှုဖြစ်စေသော အချက် (၉.၃) ရာခိုင်နှုန်းခန့်ကို ဖယ်ရှားနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

အစိုးရအဖွဲ့အစည်း အမျိုးအစားများအလိုက်၊ အခြားအဖွဲ့အစည်းများအဖြစ် အမျိုးအစား ခွဲခြားထားသော အစိုးရအဖွဲ့အစည်းများသည် ပိုမိုကောင်းမွန်လာစေရေးအတွက် အကြံပြုချက် အရေအတွက် (၂,၂၅၀) ချက်ကို လက်ခံရရှိခဲ့ပြီး အများဆုံးဖြစ်ကာ ပြည်တွင်း ကုမ္ပဏီများ/ စက်မှုဇုန်များ သည် အကြံပြုချက် (၁,၇၅၆) ချက်၊ အစိုးရဖက်စပ် အဖွဲ့အစည်းများသည် အကြံပြုချက် (၅၀၁) ချက် နှင့် အများပိုင် ကော်ပိုရေးရှင်းများသည် အကြံပြုချက် (၂၁၅) ချက် အသီးသီးရရှိခဲ့ပြီး စီမံခန့်ခွဲမှုများ သတ်သတ်မှတ်မှတ်မရှိခြင်းနှင့် အစိုးရမှ ထိန်းချုပ်မှုနည်းပါးသော အဖွဲ့အစည်းများသည် အကြံပြုချက်များ ပိုမိုရရှိထားကြောင်းတွေ့ရှိရပါသည်။

အကြံပြုချက်များအရ ဝန်ထမ်းများအား အလုပ်ထုတ်ခြင်း သို့မဟုတ် ခန့်ထားခြင်း ဆိုင်ရာ ပြဿနာများကို မလျော်ကန်သော သို့မဟုတ် တရားမဝင်သောနည်းလမ်းဖြင့် ဖြေရှင်းခြင်းနှင့် စပ်လျဉ်းသည့် အမှုပေါင်း (၂,၂၃၃) မှု (ရာခိုင်နှုန်းအားဖြင့် ၄၇.၃ %) ဖြင့် အများဆုံးတွေ့ရှိရပြီး လုပ်ငန်းခွင်အတွင်း မျှတမှုမရှိသော အလေ့အကျင့်များနှင့်စပ်လျဉ်းသည့် အမှုပေါင်း (၁,၃၀၉) မှု (ရာခိုင်နှုန်းအားဖြင့် ၂၇.၇ %) နှင့်  အဖွဲ့အစည်းများတွင် ပွင့်လင်မြင်သာမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေး နှင့် စပ်လျဉ်းသည့် အမှုပေါင်း ၁,၁၈၁ မှု (ရာခိုင်နှုန်းအားဖြင့် ၂၅%) တွေ့ရှိရပါသည်။

အဖွဲ့အစည်းတစ်ခုအတွင်း မတူညီသော လုပ်ငန်းကဏ္ဍ (၁၁) ခု သတ်မှတ်၍ ဆန်းစစ် အကဲဖြတ်ရာတွင် ဝန်ထမ်းရေးရာ၊ သဘောတူစာချုပ်ဆိုင်ရာကိစ္စရပ်၊ ကော်မတီနှင့် ဝန်ဆောင်မှု ပေးခြင်းစသည့် ကဏ္ဍ (၄) ခုအတွက် အကြံပြုချက် အများဆုံးပေးခဲ့ရပြီး အမှုရာခိုင်နှုန်း ၇၉.၄% (အမှုပေါင်း ၃,၇၅၀ မှု) တွေ့ရှိခဲ့ရခြင်းသည် အစိုးရအဖွဲ့အစည်းတစ်ခု၏ အကြီးအကဲသည် သဘောတူ စာချုပ်များမှ အကျိုးအမြတ်ရရှိရန်နှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုတွင် လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားမှုများအပါအဝင် ဝန်ထမ်းရေးရာနှင့် သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်များတွင် လုပ်ပိုင် ခွင့်နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုဖြစ်စေနိုင်သော အကြောင်းအရင်းများစွာတည်ရှိလျက်ရှိကြောင်း တွေ့ရှိရပါသည်။

အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်း ဆောင်ရွက်ပြီးနောက် ACRC သည် အစိုးရအဖွဲ့အစည်း ၅၀၆ ခုမှ ဝန်ထမ်းများအား စစ်တမ်းကောက်ယူပြီး (၂၇၈ ယောက်မှ တုံ့ပြန် ဖြေကြားခဲ့သည်) စစ်တမ်းရလဒ်များအရ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုအဆင့်များကို တိုးမြှင့်ဆောင်ရွက်ထားသည်ကို တွေ့ရှိခဲ့ရပါသည်။

CRA ဆောင်ရွက်ခြင်းကြောင့် အဖွဲ့အစည်း၏ အဆင့်မြင့်အရာရှိများနှင့် ဝန်ထမ်းအကြား ဖြောင့်မတ်တည်ကြည်မှုအဆင့်အတန်း မြင့်မားလာသည်ဟု ဖြေကြားသူမှာ ၆၆.၉ % ရှိပြီး အပျက် သဘောဆောင်သော ၃၃.၃ % ထက် နှစ်ဆခန့် ပိုမိုများပြားသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ၎င်းတို့ အဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးတွင် CRA သည် အထောက်အကူ ဖြစ်ပါ သည်ဟု ဖြေကြားသူ ၈၀.၂ % ခန့်ရှိကြောင်း တွေ့ရှိရပါသည်။

အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲခြင်း၊ ဝန်ထမ်းခန့်အပ်ခြင်း၊ သဘောတူ စာချုပ်များ၊ စာရင်းစစ်ဆေးခြင်းနှင့် အကျိုးစီးပွားပဋိပက္ခများအပါအဝင် အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့် နယ်ပယ်အားလုံး၌ ဖြောင့်မတ်တည်ကြည်မှုမြင့်မားစေရန် ဆောင်ရွက်ထားသည့်အတွက် CRA ဆောင်ရွက်ခြင်းကြောင့် အစိုးရအဖွဲ့အစည်းများ၏ အထွေထွေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ခွဲခြားသိမြင်နိုင်သော အကျိုးသက်ရောက်မှုရှိခဲ့ပါသည်။

၂၀၂၂ ခုနှစ်တွင် ဆောင်ရွက်သည့် ပြည်သူ့ဝန်ထမ်းများ၏ အဂတိလိုက်စားမှုအပေါ် သဘောထားအမြင်နှင့် စပ်လျဉ်းသည့် စစ်တမ်းရလဒ်များအရ အစိုးရအဖွဲ့အစည်းများ၏ ဖြောင့်မတ် တည်ကြည်မှုကို အဖွဲ့အစည်းအတွင်းတွင်လည်းကောင်း၊ ပြည်သူလူထုအတွင်းတွင်လည်းကောင်း နှစ်ဖက်စလုံးတွင် မြှင့်တင်ထားသည်ကို တွေ့ရှိရပြီး အမှတ်အားဖြင့် ရမှတ် ၆၀.၉ မှတ်အထိ တိုးမြင့်လာသည်ကို တွေ့ရှိရသည်။ ပျမ်းမျှအားဖြင့် အပျက်သဘောဆောင်သော ဖြေကြားချက် (၃၉.၁ မှတ်) ရှိသော ဖြေဆိုသူအရေအတွက်ထက် တစ်ဆခွဲခန့် ပိုမိုမြင့်တက်လာသည် ကို တွေ့ရှိရပါသည်။

ထို့အပြင် CRA ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများ၏ ၆၉.၁% သော အဖွဲ့အစည်းများ သည် CRA ကို မိမိဆန္ဒအလျောက် ဆက်လက်လုပ်ဆောင်သွားရန်နှင့်  အကဲဖြတ်နိုင်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် စိတ်ပါဝင်စားမှုများ များပြားလာသည်ကို တွေ့ရှိရပါသည်။

ACRC ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Ahn Sung-Wook က လွန်ခဲ့သည့်သုံးနှစ်အတွင်း ACRC သည် အစိုးရအဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုအန္တရာယ်ကိုအကဲဖြတ်ရန် CRA ပြုလုပ်ခဲ့ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့သည့်အတွက် အစိုးရအဖွဲ့အစည်းများတွင် ဖြောင့်မတ်တည်ကြည်မှုူနှင့် အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုနှင့်စပ်လျဉ်းသည့် သဘောထားအမြင်များ တိုးတက်ကောင်းမွန် လာခဲ့ပါကြောင်း၊ ACRC သည် CRAကို ဆောင်ရွက်ခြင်းဖြင့် အစိုးရကဏ္ဍများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးကို နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


Source==> Anti-Corruption and Civil Rights Commission(Korea)

ဆက်စပ် သတင်းများ