ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Mon, 3 April 2023

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ


နေပြည်တော် ၊ ဧပြီ ၃ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို Online စနစ်ဖြင့် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဝုန်ဆွန်းထန်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြု လုပ်ခြင်းဖြင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးနှင့်သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့်နေရာများတွင် မှန်မှန်ကန်ကန်သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားတစ်ခုဖြစ်သည့်အတွက် အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန် လိုအပ်ကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

    

    ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဂတိလိုက်စားမှုသည် ပေးခြင်း၊ ယူခြင်းဆိုသည့် လာဘ်ပေးလာဘ်ယူမှု သာမက နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်လာကြောင်း၊ အထူးသဖြင့် systemic corruption အသွင် ဆောင်ရွက်လာကြကြောင်း၊ သာမန်ကိစ္စသာမဟုတ်၊ နိုင်ငံပိုင်ဘဏ္ဍာ ငွေကြေး၊ ပစ္စည်းဆုံးရှုံးမှုများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်အထိ (၄) ကြိမ်တိုင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ လက်ရှိဥပဒေအပေါ် ပြန်လည်ဆွေးနွေးမှုများလည်း ပြုလုပ်လျက်ရှိပါကြောင်း၊

အဂတိလိုက်စားမှု အဓိပ္ပာယ်ကို ပိုမိုကျယ်ဝန်းစွာ ဖွင့်ဆိုပေးခြင်းဖြင့် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုလေးနက်သည့် နိုင်ငံတော်၏ အကျိုးစီးပွားများ၊ တန်ဖိုးထားမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိခိုက်စေတဲ့ အခြားအဂတိလိုက်စားမှု ပုံသဏ္ဌာန်များကိုပါ ကော်မရှင်က ဖော်ထုတ် တိုက်ဖျက်သွားရန် လိုအပ်ပါကြောင်း၊

ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ အသိပညာပေးခြင်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြင့် အဂတိကို လက်မခံသည့် လူမှုအသိုက်အဝန်းဖော်ဆောင်နိုင်ရန် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  

ကော်မရှင်အနေဖြင့် လိုက်နာရန်ကျင့်ဝတ်များ ချမှတ်ထားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ မျှတမှု၊ အားလုံးပါဝင်နိုင်မှုစသည့် အခြေခံသဘောတရားများနှင့်အညီ ကျင့်ကြံလုပ်ကိုင်ကြရမှာ ဖြစ်ပါကြောင်း၊

အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံကျသည့်နည်းလမ်းတစ်ခု ဖြစ်သည့်အတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အရွေ့တစ်ခုဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်သို့ လှမ်းကိုင်နိုင်ရေးသည် အန္တိမရည်မှန်းချက်ဖြစ်ပါကြောင်း စသဖြင့် ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာနည်းပညာသင်တန်းကို ဧပြီလ ၄ ရက်နေ့တွင် ချင်းပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) မှ အဖွဲ့ဝင်များကို Online စနစ်ဖြင့် ဆက်လက်ဆွေးနွေး ပို့ချသွားမည်ဖြစ်ပါသည်။


ဆက်စပ် သတင်းများ