စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • Thu, 30 March 2023

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ


နေပြည်တော် ၊ မတ် ၃၀ ရက်

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို Online စနစ်ဖြင့် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

            ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့်နေရာများတွင် မှန်မှန်ကန်ကန်သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားတစ်ခုဖြစ်သည့်အတွက် အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ရန်လိုအပ်ကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။



            ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် က ၂၀၂၁ ခုနှစ်၌ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က “လူမှုအဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းလာစေရန်အတွက် ပြည်သူလူထုတစ်ဦးချင်းစီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်မှသာ မိမိလုပ်ငန်းခွင် ၊ မိမိနေထိုင်ရာ လူမှုပတ်ဝန်းကျင်ကို ရိုးသားဖြောင့်မတ်မှုနှင့် အဂတိကင်းစင်သော လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်မည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “အဂတိလိုက်စားမှုသည် အကျင့်ပျက်ခြစားမှုများနှင့် လူများ၏ စိတ်ဓာတ်နှင့် စာရိတ္တများပျက်စီးစေပြီး နိုင်ငံအတွက် အန္တရာယ်ဖြစ်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် ပြဋ္ဌာန်းထားပြီးထိရောက်သည့် ဟန့်တားဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှု တစ်ခုတည်းဖြင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိနိုင်သည့်အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ အချိန်နှင့် တစ်ပြေးညီ အလေးထားလုပ်ဆောင်သွားကြရန် လိုအပ်သည်" ဟု မိန့်မှာခဲ့ပါကြောင်း၊




                အဂတိလိုက်စားမှုသည် ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများတွင်သာမက ပုဂ္ဂလိကလုပ်ငန်းများနှင့်ပါသက်ဆိုင်ပြီး လာဘ်ငွေ အနည်းငယ် ပေးခြင်း/ ယူခြင်းမှသည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်းအထိ ပါဝင်ပါကြောင်း၊ အဂတိလိုက်စားခြင်းသည် အကျင့်ဖောက်ပြန်ခြင်းဖြစ်သည့်အပြင် တံစိုးလက်ဆောင်ပေးခြင်း/ယူခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ ဆရာမွေး တပည့်မွေးခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ အပေါင်းအဖော်ကောင်းစားရေးအတွက် ဘက်လိုက်ခြင်းနှင့် ဆွေမျိုးသားချင်းကောင်းစားရေးဝါဒ ကျင့်သုံးခြင်းတို့အထိ ပါဝင်ပါကြောင်း၊



               အဂတိလိုက်စားမှုစနစ်ဆိုးကို တိုက်ဖျက်ရန်အတွက် ပုဂ္ဂလိကအကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွားအကြား ခွဲခြားစဉ်းစားတတ်ရန် အရေးကြီးကြောင်း၊ ပုဂ္ဂလိကအကျိုးစီးပွား ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအပြင် ပုဂ္ဂိုလ်ဆိုင်ရာစီးပွားရေးလုပ်ငန်းတစ်ခု၊ စက်ရုံအလုပ်ရုံတစ်ခု၊ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားနှင့်လည်း သက်ဆိုင်ပါကြောင်း၊ ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးတံတားဖြစ်ရာ အစိုးရကချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိစွာနှင့် အများပြည်သူအကျိုးစီးပွားအတွက် အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုပေးရန်နှင့် စိတ်ကောင်းစေတနာ အပြည့်အဝ ထားရှိရမည်ဖြစ်ပါကြောင်း၊


             သို့မှသာ ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် စနစ်တကျ ဖြစ်ပေါ်နေသည့် Systemic Corruption ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် (Substainable Development Goals) (၁၇) ခုအနက် ၁၆.၅ တွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသည့် အကျင့်ပျက်ခြစားခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ အတော်အတန်လျှော့ချရေး အားလုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရန်အတွက် ကျင့်ဝတ်များ ရေးဆွဲပြဋ္ဌာန်းလိုက်နာရန် လိုအပ်ပါကြောင်း၊ ကော်မရှင်မှ ရေးဆွဲပြဋ္ဌာန်းထားသည့်ကျင့်ဝတ် (Code of Conduct) ၏ အခြေခံမူ (၆) ချက်တွင် ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာရပ်တည်နိုင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ အားလုံးပါဝင်နိုင်မှုဆိုသည့်ပြဋ္ဌာန်းချက်များပါဝင်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၄) ပုဒ်မခွဲ (ခ)နှင့် ပုဒ်မ (၄)ပုဒ်မခွဲ (ဂ) တို့တွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရန်၊ အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မားတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကော်မရှင်အား သတ်မှတ်တာဝန်ပေးထားတာဖြစ်သည့်အတွက် ထိုတာဝန်နှင့်အညီ ပညာပေ လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဌာနများမှ ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဖြစ်ပါကြောင်း၊



        ကော်မရှင်အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆရာကိုင်စာအုပ်များနှင့် တက္ကသိုလ်အဆင့်ရည်ညွှန်း စာစောင်များပြုစုပြီး ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါကြောင်း၊ ကျောင်းများတွင်ကလေးငယ်များကို ဖြောင့်မတ်တည်ကြည်မှု ဆရာကိုင်လက်စွဲတွင် ပြဋ္ဌာန်းထားသည့် သင်ခန်းစာများကို ထည့်သွင်းသင်ကြားစေခြင်းဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိတဲ့ လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ CPU အဖွဲ့ဝင်များတွင်လည်း ပညာရေးဝန်ထမ်းများ ပါဝင်ဖွဲ့စည်းစေလိုပါကြောင်း၊



        အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့်အတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အရွေ့တစ်ခုဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အသိပညာပေးဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်း‌ဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုပ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မရှင် အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်သို့ လှမ်းကိုင်နိုင်ရေးသည် အန္တိမ ရည်မှန်းချက်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။



            ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာနည်းပညာသင်တန်းကို မတ်လ ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) မှ အဖွဲ့ဝင်များကို Online စနစ်ဖြင့် ဆက်လက်ဆွေးနွေး ပို့ချသွားမည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ