ကယားပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

  • Tue, 14 March 2023

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် ၊ မတ် ၁၄ ရက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို Online စနစ်ဖြင့် ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေမည့်နေရာများတွင် မှန်မှန်ကန်ကန် သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားတစ်ခု ဖြစ်သည့်အတွက် အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ရန်လိုအပ်ကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် က ၂၀၂၁ ခုနှစ်၌ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “လူမှုအဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းလာစေရန်အတွက် ပြည်သူလူထုတစ်ဦးချင်းစီက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်မှသာ မိမိလုပ်ငန်းခွင်၊ မိမိနေထိုင်ရာ လူမှုပတ်ဝန်းကျင်ကို ရိုးသားဖြောင့်မတ်မှုနှင့် အဂတိကင်းစင်သော လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်မည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “အဂတိလိုက်စားမှုသည် အကျင့်ပျက်ခြစားမှုများနှင့် လူများ၏ စိတ်ဓာတ်နှင့် စာရိတ္တများ ပျက်စီးစေပြီး နိုင်ငံအတွက် အန္တရာယ်ဖြစ်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် ပြဋ္ဌာန်းထားပြီး ထိရောက်သည့် ဟန့်တားဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှု တစ်ခုတည်းဖြင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှု မရှိနိုင်သည့်အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ အချိန်နှင့် တစ်ပြေးညီ အလေးထားလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း" မိန့်မှာခဲ့ပါကြောင်း၊

အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် များစွာပိုမိုကျယ်ဝန်းပါကြောင်း၊  ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများတွင် သာမက ပုဂ္ဂလိကလုပ်ငန်းများနှင့်ပါသက်ဆိုင်ပြီး လာဘ်ငွေအနည်းငယ်ပေးခြင်း/ ယူခြင်းမှသည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းအထိ ပါဝင်ပါကြောင်း၊ အဂတိလိုက်စားခြင်းသည် ပင်ကိုယ်သဘောအရ အကျင့်ဖောက်ပြန်ခြင်းဖြစ်သည့်အပြင် ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့်အတွက် တံစိုးလက်ဆောင်ပေးခြင်း၊ ယူခြင်းနှင့် လာဘ်ပေးလာဘ်ယူခြင်းတို့ သာမက လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ ဆရာမွေးတပည့် မွေးခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ အပေါင်းအဖော် ကောင်းစားရေးအတွက် ဘက်လိုက်ခြင်းနှင့် ဆွေမျိုးသားချင်းကောင်းစားရေးဝါဒ ကျင့်သုံးခြင်းတို့အထိ ပါဝင်ပါကြောင်း၊

အဂတိလိုက်စားမှုစနစ်ဆိုးကို တိုက်ဖျက်ရန်အတွက် ပုဂ္ဂလိကအကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွားအကြား ခွဲခြားစဉ်းစားတတ်ရန် အရေးကြီးကြောင်း၊ ပုဂ္ဂလိကအကျိုးစီးပွား ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအပြင် ပုဂ္ဂိုလ်ဆိုင်ရာစီးပွားရေးလုပ်ငန်းတစ်ခု၊ စက်ရုံအလုပ်ရုံတစ်ခု၊ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားနှင့်လည်း သက်ဆိုင်ပါကြောင်း၊ ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးတံတားဖြစ်ရာ အစိုးရကချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိစွာနှင့် အများပြည်သူ အကျိုးစီးပွားအတွက် အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုပေးလိုသည့် စိတ်ကောင်းစေတနာ အပြည့်အဝ ထားရှိရမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိမှသာ ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကိုရရှိပြီး ရေရှည်တည်တံ့ခိုင်မြဲမှာ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် (Substainable Development Goals (၁၇) ခုအနက် ၁၆.၅ တွင် ပုံစံအမျိုးမျိုးဖြင့် အကျင့်ပျက်ခြစားခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ အတော်အတန် လျှော့ချရေး ပါဝင်ပါကြောင်း၊ ကော်မရှင်ကျင့်ဝတ် (Code of Conduct) ၏ အခြေခံမူ (၆) ချက်တွင် ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာ ရပ်တည်နိုင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ အားလုံးပါဝင်နိုင်မှု ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ ကြိုးစားလိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်း၊

အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံ ကျသည့်နည်းလမ်းတစ်ခု ဖြစ်သည့်အတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ခြင်း သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ကြောင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အသိပညာပေးဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်း‌ဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကော်မရှင်အနေဖြင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်သို့ လှမ်းကိုင်နိုင်ရေးသည် အန္တိမ ရည်မှန်းချက်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ဆွေးနွေးပွဲသို့ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များတက်ရောက်ကြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာနည်းပညာသင်တန်းကို မတ်လ ၁၅ ရက်နေ့တွင် ကယားပြည်နယ် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) မှ အဖွဲ့ဝင်များကို Online စနစ်ဖြင့် ဆက်လက်ဆွေးနွေး ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။















ဆက်စပ် သတင်းများ