အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့ တွေ့ဆုံခြင်းနှင့် ပုဂ္ဂလိကကဏ္ဍတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း

  • Sat, 11 March 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့ တွေ့ဆုံခြင်းနှင့် ပုဂ္ဂလိကကဏ္ဍတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း


ရန်ကုန်၊ မတ် ၁၁ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်သည် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမတွင် တွေ့ဆုံ၍ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များ ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အတူတကွလက်တွဲ၍ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အသိပညာပေးမြှင့်တင်ခြင်းအပိုင်းတွင် အခြေခံပညာအဆင့်မှ အထက်တန်းပညာအဆင့်ထိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများအတွက် ဆရာကိုင်စာအုပ်များနှင့် ရည်ညွှန်းစာစောင်များလည်း ဖြန့်ဝေထားရှိပြီးဖြစ်ရာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က နွေရာသီ ကျောင်းပိတ်ရက်လများတွင် အခြေခံနှင့် အထက်တန်းကျောင်းများသာမက ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

    ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌသည် နေ့လယ်၂ နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ပြုလုပ်သော ပုဂ္ဂလိကကဏ္ဍတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း အခမ်းအနားကို ရန်ကုန်တိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်ခဲ့ပါသည်။ 

ဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် က အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေးအတွက် အသိပညာပေးရေးလုပ်ငန်းများနှင့် တားဆီးကာကွယ်ရေးသည် အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုလျော့နည်းကျဆင်းစေရန် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုလျော့နည်းကျဆင်းစေရေးအတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးနှင့် စာရိတ္တမဏ္ဍိုင် ခိုင်မာစေရေး ပညာပေးအစီအစဉ်များကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် သင်ကြားစေလိုပါကြောင်း၊ Prevention is better than cure ဆိုသကဲ့သို့ အဂတိလိုက်စားမှုကို မဖြစ်ခင်က ကြိုတင်ကာကွယ်ရန်လိုအပ်ပါကြောင်း၊ ယနေ့အခမ်းအနားဖြစ်မြောက်ရန် UMFCCI အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းသည် တစ်နည်းအားဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် မြှင့်တင်အားပေးဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအဆင့်တွင်လည်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအဖွဲ့အစည်းများသာမက ပုဂ္ဂလိကကဏ္ဍမှလည်း လာဘ်ပေးလာဘ်ယူခြင်းကိစ္စများကို ရှောင်ရှားရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်လျက်ရှိပြီး စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း က မိမိတို့ အသင်းသည် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုပြီး အစိုးရနှင့် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးနေသည့် အကျိုးအမြတ် ရယူခြင်းမရှိသည့် အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေသည့် ဦးဆောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းဖြင့် ကောင်းမွန်သည့် စီးပွားရေးပတ်ဝန်းကျင်တည်ဆောက်နိုင်ပြီး ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဆွဲဆောင်နိုင်မှာဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါ သည်။


ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း က ဆက်လက်ဆွေးနွေးရာတွင် အဂတိလိုက်စားမှု စနစ်ဆိုးကို တိုက်ဖျက်ရန်အတွက် ပုဂ္ဂလိကအကျိုးစီးပွားနှင့် အများပြည်သူ အကျိုးစီးပွားကြား ခွဲခြားစဉ်းစားတတ်ရန် အရေးကြီးကြောင်း၊ ပုဂ္ဂလိကအကျိုးစီးပွားအတွက် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေသင့်သည့်အချက်သည် လူတိုင်းတွင် ထားရှိအပ်သည့် အခြေခံကိုယ်ကျင့်တရားဆိုင်ရာ စံတစ်ရပ်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် တားဆီးကာကွယ်ခြင်းနှင့် အသိပညာပေးခြင်း နည်းလမ်းများသည် အခြေခံကျသည့် နည်းလမ်းများဖြစ်သည့်အတွက် ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။


ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၊ ညီနောင်ကုန်သည်အသင်းနှင့် အသင်းဝင် ကုမ္ပဏီများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိပုဂ္ဂိုလ် ၁၈၀ ဦးခန့် တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းရာ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်တို့က ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ပြီး ညနေ ၄ နာရီတွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။







ဆက်စပ် သတင်းများ