အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ကျင်းပ

  • Mon, 27 February 2023

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ကျင်းပ


နေပြည်တော် ၊ ဖေဖော်ဝါရီ  ၂၇   ရက်

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို၊ ယနေ့ နံနက် ၀၉:၃၀ နာရီချိန်တွင်  မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌  ကျင်းပခဲ့သည်။

    ဆွေးနွေးပွဲတွင် ကချင်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်း မြင်သာစွာဖြင့်မျှတစွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

    ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ပြန့်ပါကြောင်း၊ အဂတိလိုက်စားမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်နှင့် ဥပဒေမူဘောင်ခိုင်မာရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်ခဲ့ပြီး ဥပဒေရည်ရွယ်ချက်များကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူလျက် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရဌာန/အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင်၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ လုပ်ငန်းများကို ပိုမိုထိရောက် လွှမ်းခြုံဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်မှစ၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit - CPU များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းအပြင် အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme - PFP နှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်း Corruption Risk Assessment -CRA ကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရန်အတွက်ကျင့်ဝတ်များ ထိန်းသိမ်းလိုက်နာစေရန်နှင့် ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကိုတည်ဆောက်နိုင်ရန်၊ EDU-tainment အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ဖွင့်လှစ်မည့် အခြေခံမူလတန်း၊ အလယ်တန်း၊ အထက်တန်း  ဆရာ/ဆရာမ မွမ်းမံသင်တန်းများ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေး သင်ခန်းစာများ ဆွေးနွေးပို့ချနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် ကော်မရှင်နှင့်အတူပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။ 

    ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များတက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး ဆိုင်ရာအသိပညာပေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။ ထို့အပြင် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများကို ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး  အဖွဲ့ (Corruption Prevention Unit – CPU) မှ အဖွဲ့ဝင်များအား ဆက်လက်ပို့ချ ဆွေးနွေးမည်ဖြစ်ပါသည်။ 

ဆက်စပ် သတင်းများ