အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

  • Sat, 18 February 2023

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ


ဖေဖော်ဝါရီလ  ၁၈   ရက်

    ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာနည်းပညာသင်တန်းပို့ချခြင်းအခမ်းအနားကို ၁၈-၂-၂၀၂၃ ရက်နေ့၊ ၀၉:၃၀အချိန်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)၌ကျင်းပခဲ့ပါသည်။

  အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က တက်ရောက်အမှာစကားပြောကြားခဲ့ရာ အဂတိလိုက်စားမှုကြောင့် အဖွဲ့အစည်းများ၏ ကျင့်ဝတ်နှင့် တရားမျှတမှုတန်ဖိုးများ ကျဆုံးရပြီး တည်ငြိမ်အေးချမ်းမှု ပျက်စီးဆုံးရှုံးရပါကြောင်း၊ CPUသည် ဝန်ကြီးဌာနအသီးသီးတွင် အဂတိလိုက်စားမှု ဖြစ်ပွားနိုင်ခြေအန္တရာယ်များကို လေ့လာပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရေးအတွက် ဖွဲ့စည်းထားရခြင်းဖြစ်ကြောင်း ၊ Prevention is better than cure ဆိုသကဲ့သို့ အဂတိလိုက်စားမှုဖြစ်ပွားမှ အရေးယူခြင်းထက် ကြိုတင်တားဆီးကာကွယ်ခြင်း (preventive Measure) သည် ပိုမိုထိရောက်၍ အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ အစည်းအသီးသီးတွင် CPUများဖွဲ့စည်းကာ  အဂတိလိုက်စားမှု လျော့ကျစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကိုဆောင်ရွက်ခြင်း(PFP) ဖြင့်အများ ပြည်သူတို့၏ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (PFP) ကို အသုံးပြုပြီး အသေးစားအဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရနှင့်ပြည်သူကြားတွင် ယုံကြည်မှုတည်ဆောက်နိုင်ရေး၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုရရှိနိုင်စေရေးအတွက်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး  အစီအစဉ်သည် ကော်မရှင်တစ်ခုတည်းဖြင့်ဆောင်ရွက်၍မရဘဲ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် အများပြည်သူပါဝင်သောကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းတွင်ရခိုင်ပြည်နယ်  အစိုးရကဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit) အဖွဲ့ဝင်(၄၆)ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံတကာရေးရာနှင့်တားဆီး ကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure - SOP) ၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုဆန်းစစ်လေ့လာခြင်း(Corruption Risk Assessment -CRA) အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ပြီး ၁၅:၀၀ အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ