အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

  • Tue, 20 December 2022

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ  အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာလ (၂၀) ရက်

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ ၂၀ ရက်က ကျင်းပခဲ့သည်။

        အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများကြား ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သန့်ရှင်းသည့်အစိုးရ၊ ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည် ဖော် တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

        ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ပြန့်ပါကြောင်း၊ အဂတိလိုက်စားမှုကို ထိရောက်စွာတိုက်ဖျက်နိုင်ရန်နှင့် ဥပဒေမူဘောင်ခိုင်မာရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်ခဲ့ပြီး ဥပဒေရည်ရွယ်ချက်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူလျက် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရဌာန/ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင်၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

           ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) မှ အဖွဲ့ဝင်များအား ဆက်လက်ပို့ချဆွေးနွေးမည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ