အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချခြင်း အခမ်းအနား ရန်ကုန်မြို့၌ကျင်းပ

  • Mon, 21 November 2022

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချခြင်း အခမ်းအနား ရန်ကုန်မြို့၌ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာလ   ၂၁  ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ မဟာဗျူဟာစီမံချက်ဖြစ်သည့် လုပ်ငန်းကဏ္ဍ (၆)၊ လုပ်ငန်းစဉ် (၁) အရ “အဂတိလိုက်စားမှုတားဆီးကာကွယ်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအောက်ရှိ ဌာနများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဟောပြောပွဲများနှင့် တားဆီးကာကွယ်ရေးပညာပေးအစီအစဉ်များ” ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်ရည်ရွယ်လျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာနည်းပညာ သင်တန်းပို့ချခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။

           အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ၌ “အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းအားဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ အစိုးရဌာနအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှုမြောက်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများကိုသိရှိပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို နားလည်သဘောပေါက်လာကာ အဂတိလိုက်စားမှုကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေမှ “အဂတိလိုက်စားမှုသည် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ယိုယွင်းပျက်စီး စေနိုင်လောက်အောင် ကြီးမားသည့်ပြဿနာတစ်ရပ်ဖြစ်ပြီး ၎င်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံရေးအရလုပ်ပိုင်ခွင့်ရှိသူ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၊ စစ်ဘက်/အရပ်ဘက် အဖွဲ့အစည်းများအပါအဝင် လူတိုင်းပူးပေါင်းပါဝင်ကြရန် အရေးကြီးကြောင်း” ပြောကြားခဲ့သည်။

 ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း မှ “အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသည့် လုပ်ငန်းစဉ် (၃) ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို ချမှတ်ရေးဆွဲ၍ နှစ်စဉ်လုပ်ငန်းအစီအစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းမဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်များကို  ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူလျက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ပေါ်ပေါက်စေရန် တစ်ခန်းတစ်ကဏ္ဍက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ပိုမိုရရှိစေရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှံးမှုမရှိစေရန်အတွက် စိစစ်ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် အများပြည်သူ၏ အကျိုး စီးပွားကို အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်၊ အဂတိလိုက်စားမှုကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရဝန်ကြီးဌာန၊  အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် အထူးလိုအပ်ကြောင်း” ပြောကြားပြီး  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ဥပဒေရှုထောင့်မှ ဆွေးနွေးတင်ပြခြင်း၊ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ အပြန်အလှန် မေးမြန်းဆွေးနွေးခြင်း ကော်မရှင်အဖွဲ့ဝင်နှင့် ကော်မရှင်ရုံးဝန်ထမ်းများက ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်၊ တရားသူကြီးချုပ်၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ စုစုပေါင်း (၂၆၀) ဦး တက်ရောက်ခဲ့ကြပြီး ဒုတိယနေ့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာ နည်းပညာသင်တန်းပို့ချခြင်းအစီအစဉ်များ ဆောင်ရွက်မည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ