အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edu-tainment) အစီအစဉ်များကျင်းပ
- Fri, 18 November 2022
နေပြည်တော်၊ နိုဝင်ဘာလ (၁၈) ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်း တို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည် မှုမြှင့်တင်ရေး ပညာပေး (Edu- tainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ အဆင့် (မူလတန်းနှင့်အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ အထက(တောင်ညို)၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကိုကော်မရှင်မှ ထုတ်ဝေဖြန့်ချိခဲ့သည့်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာနှင့် ပညာပေး (Edu- tainment) အစီအစဉ်ပါ အကြောင်း အရာများကို ဖော်ပြဆွေးနွေးဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူ (၆၀)ဦးနှင့် အလယ်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး တက်ရောက်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါကြီးကြပ်စစ်ဆေးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။