အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များနှင့် ကျင်းပပြုလုပ်သည့် မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
- Thu, 27 October 2022
နေပြည်တော်၊ အောက်တိုဘာလ ၂၇ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ လုပ်ငန်းဆောင်ရွက်ရာ၌ လိုက်နာရမည့် မူဘောင်များ၊ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ အတွင်းရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဉက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရန်၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာရေးဆွဲဆောင်ရွက်လျက်ရှိရာ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိကြောင်း၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်သည် အထူးအရေးကြီးသည့်အတွက် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း(၃၈)ခုတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ အောင်မြင်မှုရှိသဖြင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့(၁၄)ခုတွင် တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊ ယခုတိုးချဲ့ဖွဲ့စည်းခဲ့သည့် CPU များ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက်သင့်သည့် မူဘောင်များ၊ လုပ်ငန်းစနစ်များနှင့် ဒေသအလိုက်အခြေအနေအရဖြည့်စွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ ညှိနှိုင်းရန်ခေါ်ယူကျင်းပရခြင်း ဖြစ်ကြောင်း၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အများပြည်သူဆိုင်ရာအဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ နက်ရှိုင်းစွာပျံ့နှံ့နေသည့် အဂတိလိုက်စားမှု (Systemic Corruption) သိသာထင်ရှားစွာ ကျဆင်းသွားစေရန်နှင့် ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဆိုင်ရာညွှန်းကိန်း (Worldwide Governance Indicators-WGI) တွင် အဂတိလိုက်စားမှု ထိန်းချုပ်နိုင်ခြင်း၊ (Control of Corruption) ညွှန်းကိန်း သိသာထင်ရှားစွာ တိုးတက်လာစေရန် မူဝါဒချမှတ်၍ အကောင်အထည်ဖော်နေခြင်းကို ဟန်ချက်ညီဆောင်ရွက် သွားလိုကြောင်း၊ ယခုအခါ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများအပြင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှာပါ (Corruption Prevention Unit- CPU) များ ဖွဲ့စည်းပြီးဖြစ်၍ နိုင်ငံအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှုးချုပ်များမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းမူဘောင်များနှင့် လုပ်ငန်းနည်းစနစ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင်များက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။