မင်္ဂလာတရားတော်နှင့်အညီ နေထိုင်ခြင်း
- Tue, 22 February 2022
ရောင့်ရဲခြင်းသည် မင်္ဂလာတစ်ပါးဟု ဗုဒ္ဓဘုရားရှင်က ဟောကြားခဲ့ပါသည်။ ယနေ့ မျက်မှောက်ခေတ်တွင် ရုပ်ဝတ္ထုပစ္စည်းအသစ်အဆန်းများ အချိန်နှင့်အမျှ ပေါ်ပေါက်လာနေခြင်း သည် လူသားတို့၏ အလိုဆန္ဒများကို ပိုမိုများပြားလာစေပါသည်။ ယနေ့ခေတ်တွင် လူအချို့သည် စိတ်ဆန္ဒကို အလိုလိုက်ပြီး မိမိဝင်ငွေနှင့် မမျှတသည့် အသုံးစရိတ်များသုံးစွဲပြီး တန်ဖိုးကြီးပစ္စည်း များကို ဝယ်ယူသုံးစွဲလာကြပါသည်။ ဝင်ငွေ၊ ထွက်ငွေ မမျှသုံးစွဲချင်သည့် စိတ်သာကြီးမားလာပါ က သမ္မာအာဇီဝ မဟုတ်သည့် နည်းလမ်းများဖြင့် ငွေရပေါက်ကို ရှာဖွေလာကြမည်ဖြစ်သည်။ ထိုကဲ့သို့ လောဘနောက်သို့ လိုက်သည့်အခါ အမိုက်မှောင်ဖုံးကာ အမှားအမှန်ကို ခွဲခြားနိုင်စွမ်း မရှိတော့၍ အကျင့်စာရိတ္တပျက်ပြားကာ မတရားမှုတွေ ကျူးလွန်လာပြီး မကောင်းမှုရဲ့ ပြစ်ဒဏ် ကို ခံစားကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လောဘနောက်သို့ မလိုက်မိစေရန် ခြိုးခြံချွေတာတတ် သည့် အလေ့အကျင့်ကို ပြုစုပျိုးထောင်ရပါမည်။ “ရတာလေးနဲ့ ဝအောင်စား၊ ရှိတာလေးနဲ့ ရောင့်ရဲ၊ လှအောင်ဝတ်” ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ဘဝကို ကျော်ဖြတ်သင့်ပါသည်။
ခြိုးခြံချွေတာနိုင်သည့် အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်နိုင်ရန် အာရုံငါးပါးကို လည်း သတိနှင့်ထိန်းနိုင်ရပါမည်။ စက္ခုအာရုံကြောင့် ကောင်းတာ၊ လှတာကို သုံးချင်ပါသည်။ သဒ္ဒါအာရုံ ခေါ် အကြားအာရုံကြောင့် လူတွေက ကိုယ့်ကိုလှသည်၊ တော်သည်၊ ချမ်းသာသည် ပြောသည်ကို ကြားချင်ပါသည်။ ဂန္ဓာရုံခေါ် အနံ့အာရုံကြောင့် ရေမွှေးအကောင်းစား၊ တန်ဖိုးကြီး ရေမွှေးများကို သုံးချင်ပါသည်။ အရသာကို သိသည့်အာရုံက အစားအသောက်ကောင်းများကို ဈေးကြီးပေး၍ ဝယ်စားမိပါသည်။ ဖောဋ္ဌဗ္ဗာအာရုံခေါ် အထိအတွေ့အာရုံကြောင့် မွေ့ယာ အကောင်းစားများ၊ ဇိမ်ခံသည့် ထိုင်ခုံများကို သုံးကြပါသည်။ အာရုံငါးပါးကို မထိန်းနိုင်၍ လိုအပ် သည်ထက် ပိုသုံးဖြုန်းမိကြပါသည်။ လောဘစိတ်များလည်း ဖြစ်လာပါသည်။ လောဘကြောင့် အမှားအမှန်ကို ခွဲခြားရန် ခက်လာပါသည်။ လောဘကြောင့် လိုချင်သည့် အရာ ကို တရားသည်၊ မတရားသည် မစဉ်းစားနိုင်ဘဲ အမှားကို ကျူးလွန်ကြပါသည်။ မိမိလိုချင်သည့် အရာကို မရသည့် အခါ ဒေါသစိတ်ဖြစ်ပြန်ပါသည်။ အာရုံငါးပါးကို သတိနှင့် မထိန်းနိုင်လျှင် အကုသိုလ်များ တစ်ခုပြီးတစ်ခုဝင်ရန် အခွင့်အလမ်းများပါသည်။ အာရုံငါးပါးကိုသတိနှင့်ထိန်းနိုင်လျှင် ခြိုးခြံ ချွေတာနိုင်သည့် အမူအကျင့်ကောင်းများကို ပြုစုပျိုးထောင်နိုင်ပါမည်။ တပေါစ ခေါ် ခြိုးခြံစွာ ပြုမူကျင့်ကြံသူသည် အကုသိုလ်တရားနည်းသဖြင့် ဗုဒ္ဓတရားတော်နှင့်အညီ ချမ်းသာအစစ် အောင်မြင်မှုအမှန်ကို ရရှိပါမည်။
မိမိ၏ ဝင်ငွေနှင့်ထွက်ငွေကို အမြဲချင့်ချိန်သုံးစွဲ၍ ခြိုးခြံချွေတာစိတ်ဖြင့် နေထိုင်ပါက အကုသိုလ်ကင်းစင်ပြီး အမြဲချမ်းသာပါလိမ့်မည်။
(ကိုးကား - ၂၃.၁.၂၀၂၂ မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ကျော်ကျော်လှိုင်၏ “ခြိုးခြံချွေတာခြင်းသည် မင်္ဂလာမည်၏” ဆောင်းပါးမှ ကောက်နုတ်တင်ပြချက်)