အဂတိလိုက်စားမှု၏ သဘောသဘာဝများ
- Wed, 16 February 2022
အဂတိလိုက်စားမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် နိုင်ငံတကာတွင် သဘောတူညီထားသည့် တစ်ခုတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိသော်လည်း နိုင်ငံ၊ ဒေသနှင့် နယ်ပယ်အလိုက် လုပ်ဆောင်မှုများအပေါ်မူတည်၍ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပါသည်။ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့မှ “အဂတိလိုက်စားမှု ဆိုသည်မှာ ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာအား ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုခြင်း”ဟုလည်းကောင်း၊ ကမ္ဘာဘဏ်မှ “အဂတိလိုက်စားမှု ဆိုသည်မှာ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူဆိုင်ရာလုပ်ငန်းဌာနအား အသုံးချခြင်း” ဟု လည်းကောင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာအဖွဲ့အစည်းမှ “အဂတိလိုက်စားမှု ဆိုသည်မှာ အများပြည်သူဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိကဆိုင်ရာဌာနအား ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုခြင်း” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားကြပါသည်။
အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်ရှိ အဖွဲ့အစည်းများအားလုံး၏ ရေရှည်တည်တံ့ခိုင်မြဲမှုအပေါ် ဆိုးကျိုးသက်ရောက်မှုရှိပြီး သက်ရောက်မှုသည် ကျယ်ပြန့်ပါသည်။ ဆိုးကျိုး သက်ရောက်မှုကို အချို့နေရာများတွင် သိသာထင်ရှားစွာမြင်တွေ့နိုင်သော်လည်း အချို့နေရာများတွင်မှု သိသာထင်ရှားမှု မရှိချေ။ အဂတိလိုက်စားမှု၏ဆိုးကျိုးကို လူတိုင်းခံစားရသော်လည်း ခံနိုင်ရည် နည်းပါသော လူအများအတွက်မူ ဆိုးရွားစွာထိခိုက်မှုရှိပါသည်။ ကျား/မ၊ အသက်အရွယ်၊ နေထိုင်ရာဒေသ၊ စီးပွားရေးနှင့် လူမူရေးအခြေအနေများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေးအဆင့်အတန်း စသည်တို့သည် အဂတိလိုက်စားမှု၏ ဒဏ်ကို ဆိုးဆိုးရွားရွားခံစားရစေရန် အားနည်းချက်များအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။
အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုး၊ ပမာဏအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားနေသောကြောင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုနှင့် လွတ်ကင်းသည် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများဟူ၍ မရှိပေ။ ပြီးပြည့်စုံသော လူမှုအဖွဲ့အစည်းနှင့် အမှားအယွင်းမရှိသော စနစ်များသည် မရှိနိုင်ပါ။ အဂတိလိုက်စားမှုသည် တောင့်တင်းခိုင်မာသော ဥပဒေမူဘောင်များ အတွင်း၌ပင်လျှင် ဖြစ်ပေါ်နိုင်ပါသည်။ အဂတိလိုက်စားမှုများ ဖြစ်ပေါ်စေရန် စနစ်တကျ ရည်ရွယ်ပုံဖော်ထားသည့် အဖွဲ့အစည်းများသည် ဖွံ့ဖြိုးတိုးတက်မှုများ တည်ဆောက်ရန် လူ့အဖွဲ့အစည်း အားလုံးအတွက် အန္တရာယ်ရှိသော ရန်စွယ်များ ဖြစ်ပါသည်။
လာဘ်ပေးလာဘ်ယူမှုပြုလုပ်ခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်း၊ ငွေကြေးပစ္စည်းများအား လွဲမှားစွာအသုံးပြုခြင်း၊ ကုန်သွယ်မှုတွင် လက်ဝါးကြီးအုပ်လွှမ်းမိုးခြင်း၊ တရားမျှတမှုကို ဖုံးကွယ်ထားခြင်းနှင့် တားဆီးပိတ်ပင်ခြင်း၊ လုပ်ငန်းလုပ်ဆောင်မှုများအား အလွဲသုံးစားပြုခြင်း၊ ငွေကြေးနှင့် ပြစ်မှုများအား ခဝါချခြင်းနှင့် တရားမဝင်ကြီးပွားချမ်းသာလာခြင်း စသည်တို့အား အဂတိလိုက်စားမှုအဖြစ် နိုင်ငံတကာမှ သတ်မှတ်ကြပါသည်။ အဂတိလိုက်စားမှုများသည် ယုံကြည်မှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ အာဏာခွဲဝေမှုမရှိခြင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှုမရှိခြင်းနှင့် စောင့်ကြည့်မှုမရှိခြင်း၊ စနစ်ကျသော အဖွဲ့အစည်းစနစ်မရှိခြင်း၊ ခိုင်မာသော ဥပဒေမူဘောင်မရှိခြင်း၊ ဥပဒေဖွံ့ဖြိုးတိုးတက်မှုနှင့် အကောင်အထည်ဖော်နိုင်မှုမရှိခြင်းနှင့် ကပ်ဘေးစီမံခန့်ခွဲမှုအားနည်းခြင်း စသည်တို့ကြောင့် ဖြစ်ပေါ် လာနိုင်ပါသည်။
အဂတိလိုက်စားမှုများသည် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ကို လျော့ပါးလာစေခြင်း၊ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ခြိမ်းခြောက်ခြင်း၊ တရားမျှတမှုမရှိခြင်းနှင့် မညီမျှမှုကို ခိုင်မာစွာအမြစ်တွယ်စေနိုင်ခြင်း၊ လူအဖွဲ့အစည်းများ ကျင့်ဝတ်ဆိုင်ရာစံနှုန်းတန်ဖိုးများနှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ အခြေခိုင်မာမှုကို အဟန့်အတားဖြစ်စေခြင်း၊ လူ့အဖွဲ့အစည်းများ၏ လုံခြုံမှုနှင့် တည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေခြင်း၊ တာဝန်ခံမူနှင့် ပွင့်လင်းမြင်သာမှုမရှိစေရန် လှုံ့ဆော်မှုများ ဖြစ်ပေါ်စေခြင်း၊ နိုင်ငံခြားအကူအညီများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်မှုများကို အဟန့်အတားဖြစ်စေခြင်း၊ စီးပွားရေးစွမ်းဆောင်ရည်ကျဆင်းခြင်း၊ ပြည်သူလူထုအကျိုးအတွက် ရရှိထားသော ရန်ပုံငွေများ အခြားမလိုအပ်သောနေရာများသို့ ခွဲဝေသုံးစွဲခြင်း၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ပြည်သူရေးရာစီမံခန့်ခွဲမှုစနစ်တွင် မရိုးသားမှုများပပျောက်ရေး ကဲ့သို့သော ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို အဟန့်အတားဖြစ်စေခြင်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ တရားဝင်ဖြစ်မှုနှင့် အမိန့်ညွှန်ကြားချက်များကို အားနည်းစေခြင်း၊ လွတ်လပ် မျှတစွာ ယှဉ်ပြိုင်နိုင်မှုကို ပျက်စီးစေခြင်းနှင့် အုပ်စုဖွဲ့ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ဖြစ်ပေါ် စေပါသည်။
အဂတိလိုက်စားမှုဖြစ်ပွားရခြင်း၏ အကြောင်းတရားများကို နယ်ပယ်ရှု့ထောင့်အမျိုးမျိုးမှ ခွဲခြမ်းစိတ်ဖြာနိုင်သော်လည်း ၎င်းအကြောင်းတရားများသည် အများအားဖြင့် စိတ်စေတနာမရှိခြင်းနှင့် အကျိုးစီးပွားပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော အကျင့်စာရိတ္တ၊ ကျင့်ဝတ်များနှင့် ဆက်စပ် လျက်ရှိသည်။ မိမိပြုမူဆောင်ရွက်ချက်များ၏ အကြောင်းတရားများနှင့် အကျိုးဆက်များကို သိမြင်နားလည်ပြီး လူ့အဖွဲ့အစည်းအတွင်းမည်ကဲ့သို့ နေထိုင်ရမည်ကို သိရှိသော သူတစ်ယောက်သည် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါသည်။ အားလုံးပါဝင်နိုင်သော လူ့အဖွဲ့ အစည်းတွင် ယုံကြည်မှုတည်ဆောက်နိုင်ခြင်းသည် ဘုံအကျိုးစီးပွားအတွက် အောင်မြင်မှုများ ရရှိမှုကို ဖြစ်ပေါ်စေသည်။ ယုံကြည်မှုကိုအလွဲသုံးစားပြုလုပ်သည့်အခါ လူ့အဖွဲ့အစည်းအတွက် အန္တရာယ် ရှိလာပြီး အဂတိလိုက်စားမှုဖြစ်ပေါ်လာသည်။ ပွင့်လင်းမြင်သာမှုရှိခြင်းသည် ညီညွတ်မျှတစွာ နေထိုင်သော လူ့အဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ပွင့်လင်းမြင်သာမှုရှိပါက အဂတိလိုက်စားမှု ဖြစ်ပေါ်လာနိုင်မည်မဟုတ်ပါ။ အစိုးရဌာနများတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ နှင့် တိုင်ပင်ဆွေးနွေးချဉ်းကပ်သည့်နည်းလမ်းများ ကျင့်သုံးခြင်းနှင့် စားသုံးသူများ၊ အလုပ်သမား ဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးချဉ်းကပ်သည့်နည်းလမ်းများ ကျင့်သုံးသည့် ပုဂ္ဂလိကလုပ်ငန်းများ သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ရန် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အောက်ခြေမှအထက်သို့ အဆင့်ဆင့်တင်ပြ လုပ်ဆောင်သည့် ချဉ်းကပ်မှုနည်းလမ်းသည် ဝန်ထမ်းများအား လုပ်ငန်းတာဝန်များကို လုပ်ဆောင် စေရန် စေ့ဆော်မှုကိုဖြစ်ပေါ်စေခြင်း၊ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာခြင်းနှင့် ဘုံရည်မှန်းချက်များ ရရှိအောင်မြင် စေရေးအတွက် အတွေ့အကြုံများနှင့် ဗဟုသုတများကို ရယူအသုံးချ နိုင်ခြင်းများကို ဖြစ်ပေါ်စေပါသည်။
အဂတိလိုက်စားမှုဖြစ်ပွားပါက အလားတူအဂတိလိုက်စားမှုမျိုးများ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် ထိရောက်သောတုံ့ပြန်မှုကို ဆောင်ရွက်နိုင်ရန်အတွက် အဂတိလိုက်စားမှုကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများ၊ အဟန့်အတားများကို ရှာဖွေဖော်ထုတ်ရန် အရေးကြီးပါသည်။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသော အဂတိလိုက်စားမှုများကို ထိန်းချုပ်ကာကွယ်နိုင်ရန် အတွက် နည်းလမ်းများကို သတ်မှတ်ဖော်ထုတ်ရန် စိန်ခေါ်မှုများ ရှိနေသေးသော်လည်း ၎င်းလုပ်ငန်းများကို လုပ်ဆောင်ရန် လူတစ်ဦးချင်းစီ၏ ကြိုးပမ်းအားထုတ်မှုနှင့် အဖွဲ့လိုက် စုပေါင်းလုပ်ဆောင်မှုများကို အားသွန်ခွန်စိုက် လုပ်ဆောင်ရန် လိုအပ်ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို သဘောတရား သီအိုရီများမှ သင့်တော်သော လုပ်ငန်းဆောင်ရွက်မှုယန္တရားများ၊ အစီအမံများ၊ အမျိုးသားအဆင့် မူဝါဒများနှင့် တာဝန်ယူ၊ တာဝန်ခံမှုရှိသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်စေရေးနည်းလမ်းများဖြင့် လက်တွေ့လုပ်ဆောင်မှုများသို့ ပြောင်းလဲလုပ်ဆောင်ရန် လိုအပ်ပါသည်။ အစိုးရဌာနများတွင် အဂတိလိုက်စားမှုကို တားဆီး ကာကွယ်နိုင်ရန်အတွက် အဂတိလိုက်စားမှုနှင့် သက်ဆိုင်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များအား ရှင်းရှင်းလင်းလင်း သတ်မှတ်ထားရှိခြင်းနှင့် ခေတ်ကာလနှင့်အညီ ပြင်ဆင်ခြင်း၊ ဌာနနှင့်သက်ဆိုင်သော အများ ပြည်သူများသိသင့်သည့် သတင်းအချက်အလက်များ အများပြည်သူမှရရှိရန် ဆောင်ရွက်ခြင်း၊ ကျင့်ဝတ်များ ချမှတ်လိုက်နာကျင့်သုံးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့စည်း ထားရှိခြင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူများပါဝင်လာစေရန် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုနည်းတူစွာ အဂတိလိုက်စားမှုအား လုံးဝသည်းမခံ၊ ခွင့်မလွှတ်သောမူဝါဒများနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ခြင်းနှင့် လွတ်လပ်စွာ ပြိုင်ဆိုင်မှုဆိုင်ရာ ရှင်းလင်းသော တရားဝင်ဥပဒေသတ်မှတ်ချက်များအား မြှင့်တင်ဆောင်ရွက်ခြင်း တို့သည်လည်း အဂတိလိုက်စားမှုများအား ဟန့်တားရန်အတွက် လိုအပ်ပါသည်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် တီထွင်မှုများသည် ထုတ်လုပ်နိုင်စွမ်း၏ အဓိက မောင်းနှင်အားများဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးပေးမှုတို့တွင် အရေးပါသောကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ဆောင်ရာတွင် အစိုးရကဏ္ဍသာမက ပုဂ္ဂလိကကဏ္ဍသည်လည်း အရေးကြီးပါသည်။
လူမှုရေး၊ နိုင်ငံရေးအသိစိတ်မြှင့်တင်ရန်အတွက် လှုံ့ဆော်ပေးခြင်းသည် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်ရန်နှင့် အပြောင်းအလဲကို အလိုက်သင့်တွန်းလှန်လွန်မြောက်နိုင်သော၊ ငြိမ်းချမ်းသော၊ အားလုံးပါဝင်နိုင်သော လူအဖွဲ့အစည်းများ တည်ဆောက်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အဆိုပါကြိုးစားအားထုတ်မှုများအတွက် တရားမျှတမှုရှိခြင်း၊ ထိရောက်မှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ယူမှုတာဝန်ခံမှုရှိခြင်း၊ ပူးပေါင်းပါဝင်နိုင်ခြင်း စသည့်အချက်များကို အစိုးရ၏ လုပ်ငန်းအစီအစဉ်များနှင့် မူဝါဒများတွင် ထည့်သွင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရန်လိုအပ်ခြင်းမှာ အဂတိလိုက်စားခြင်းသည် သန်းပေါင်း များစွာသောပြည်သူလူထုအပေါ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း သက်ရောက်မှုရှိခြင်းကြောင့် လူ့အဖွဲ့အစည်း၏ ရေရှည်တည်တံ့ခိုင်မြဲမှု ရရှိအောင်မြင်စေရေးနှင့် ဆက်စပ်မှုရှိနေခြင်းကြောင့် ဖြစ်သည်။
အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူများ၊ အခွန်တိမ်းရှောင်မှုများနှင့် အခြားတရားမဝင် ငွေကြေးစီးဆင်းမှုများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၂၆ ထရီလီယံခန့် ဆုံးရှုံးနေရကြောင်း သုတေသနပြုချက်များအရ သိရှိရသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ လုပ်ငန်းဆောင်ရွက်မှုနှစ်ပတ်လည်အစီရင် ခံစာအရ ၂၀၁၉ ခုနှစ်အတွင်း အဂတိလိုက်စားမှုများအား အရေးယူဆောင်ရွက်ခြင်းမှ ငွေကြေးအနေဖြင့် ပြည်သူ့ဘဏ္ဍာရန်ပုံငွေသို့ မြန်မာငွေကျပ်သန်း ၉၈၄၇.၈၄၃ ကို ပေးသွင်းစေနိုင်ခဲ့ပြီး ငွေကျပ်သန်း ၁.၁၀၀ အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါငွေကြေးများအား နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုပါက များစွာအကျိုးကျေးဇူး ရရှိမည်ဖြစ်သည်။ သို့အတွက်ကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းနှင့်ငွေကြေးများ ထိခိုက်နစ်နာပျက်စီးဆုံးရှုံးခြင်း မရှိစေရေးအတွက် ပြည်သူမျာအနေဖြင့် တစ်ဦးတစ်ယောက်ချင်းစီသော်လည်းကောင်း၊ အသင်းအဖွဲ့အလိုက် သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း အဂတိလိုက်စားမှုများ မဖြစ်ပွားစေရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။
( United Nations Institute for Training and Research ( UNITAR ) မှ သင်ကြားပို့ချသော Anticorruption And Sustainable Development သင်တန်းမှ သင်ခန်းစာများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာအား ကိုးကားပါသည်။ )
ကလောင်အမည် - ဖြိုးသီရိ