အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN PARTIES AGAINST CORRUPTION_ASEAN-PAC) ၏ (၁၇) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ပါဝင်တက်ရောက်ခြင်း
- Thu, 10 February 2022
အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၇) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို ၃၀-၁၁-၂၀၂၁ ရက်နေ့၊ ၀၇:၃၀ နာရီမှ ၁၅:၃၀ နာရီအချိန်ထိ Virtual Format ဖြင့် ကျင်းပခဲ့ရာ ASEAN-PAC အဖွဲ့ဝင်နိုင်ငံ (၁၀)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဉီးကျော်ဝင်းသိန်း ဉီးဆောင်၍ ညွှန်ကြားရေးမှူး ဉီးလင်းဝေအောင်နှင့် ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန် တို့ ပါဝင်တက်ရောက်ကြပါသည်။ ASEAN-PAC အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများမှ အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်ကြရာ ယခု (၁၇) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို အလှည့်ကျ သဘာပတိအဖြစ် ဘရူနိုင်းနိုင်ငံ (Anti-Corruption Burea-ACB) မှ ဆောင်ရွက်ခြင်းဖြစ်ပါသည်။
အစည်းအဝေးတွင် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဗီယက်နမ်နိုင်ငံ၊ စုံစမ်းစစ်ဆေးရေးဌာန (Government Inspectorate of Vietnam-GIV) က ဘရူနိုင်းနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာန (Anti-Corruption Bureau- ACB) သို့ လွှဲပြောင်းခြင်း၊ (၁၆) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး မှတ်တမ်းကို အတည်ပြုခြင်း၊ ASEAN-PAC MOU၊ TOR နှင့် ၂၀၂၀-၂၀၂၂ လုပ်ငန်းစီမံချက် ပြင်ဆင် အတည်ပြုခြင်း၊ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးခြင်း၊ UK National Crime Agency (NCA) နှင့် UNODC တို့မှ ကိုယ်စားလှယ်များက ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် မဟာဗျူဟာစီမံချက်ချမှတ် ဆောင်ရွက်နေမှုများ၊ အများပြည်သူ အကျိုးစီးပွား ထုတ်ဖော်သတင်းပေးသူများ အကာအကွယ်ပေးရေး ဉပဒေ (မူကြမ်း) ရေးဆွဲနေမှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းဉပဒေ ရေးဆွဲဆောင်ရွက်နေမှုများ၊ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ရည်ညွှန်းစာစောင်များ ပြုစုဖြန့်ဝေပေးခဲ့မှုများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit -CPU) များ ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ အများပြည်သူထံမှ တုန့်ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme -PFP) ဆောင်ရွက်နေမှုများ၊ ကော်မရှင်ရုံးခွဲများ ဖွင့်လှစ်နိုင်ခဲ့မှုများနှင့် ကိုဗစ်-၁၉ အကြပ်အတည်းကာလ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။