အဂတိမှုတွေ တိုက်ဖျက်ဖို့ ပူးပေါင်းပါဝင်ကြပါစို့

  • Tue, 18 January 2022

     အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် အရေးကြီးလှပါသည်။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုပုံစံအမျိုးမျိုးရှိသည့်အနက် အဂတိလိုက်စားမှုများကို ဖော်ထုတ်အရေးယူနိုင်ရေးတွင် သတင်းပေးတိုင်ကြားမှု အခန်းကဏ္ဍသည် အလွန်အရေးကြီးလှပါသည်။ တိကျသေချာသည့် သတင်းအချက်အလက် မရရှိပါက မည်သည့်အဂတိလိုက်စားမှုကိုမျှ အရေးယူနိုင်မည် မဟုတ်သဖြင့် ပြည်သူများက အဂတိလိုက်စားမှုကို တွေ့ရှိရသည်ဖြစ်စေ၊ ကိုယ်တိုင် ကြုံတွေ့ခံစားရသည်ဖြစ်စေ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်တန်းခြင်းဖြင့် အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်မှု အသွင်သဏ္ဍာန်ဖော်ဆောင်ကာ အဂတိလိုက်စားမှုများကို ယခုထက် ပိုမိုဖော်ထုတ် အရေးယူသွားနိုင်မည် ဖြစ်ပါသည်။

     အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၄ တွင် “မည်သူမဆို အဂတိလိုက်စားမှု နှင့်စပ်လျဉ်း၍ သော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းနှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ဖြစ်စေ၊ ဤဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုခုသို့ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုသို့ ဖြစ်စေ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်သည်” ဟု ဖော်ပြပါရှိပါသည်။

ထို့ကြောင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် ကော်မရှင်အနေနှင့်လည်း အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်းစသည့် နည်းလမ်း(၃)သွယ်ဖြင့် ဆောင်ရွက်နေသလို ပြည်သူများကလည်း ပူးပေါင်းပါဝင်မည်ဆိုပါက “အဂတိပယ်ခွာ ပြည်သာယာ” ဟူသော ရည်မှန်းချက်ကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါသည်။

(ကိုးကား - ၇-၁၂-၂၀၂၁ ရက်နေ့ မြန်မာအလင်းသတင်းစာပါ ဆောင်းပါးရှင် လင်းလက် ၏ “အဂတိတိုင်ကြားစာနှင့် သတိပြုစရာ” ဆောင်းပါးမှ ကောက်နုတ်ချက်) 


ဆက်စပ် သတင်းများ