အဂတိလိုက်စားမှုတိုက်ဖျက်ရေးသမိုင်းအစ သိကောင်းစရာများ

  • Tue, 11 January 2022

    မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကြောင့် ပြည်သူလူထုများကို ထောက်ပံ့ရေးပစ္စည်းများဖြင့် ထောက်ပံ့ခဲ့ရာ ၎င်းပစ္စည်းများကို ခိုးယူခြင်းနှင့် အဂတိလိုက်စားမှုများကို တားဆီး ကာကွယ်နိုင်ရန်အတွက် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည့်ကော်မတီ ကို ၂၃-၁၂-၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ကော်မတီနှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးရဲအဖွဲ့တို့ကိုလည်း ဖွဲ့စည်းပြီး ပြည်သူ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှုများကို ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရာဇသတ်ကြီး အခန်း(၉)၊ ပုဒ်မ ၁၆၁ မှ ၁၆၅ အထိ၌ ပါဝင်သည့် ပြဋ္ဌာန်းချက်များအရ အရေးယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေကို သီးခြားပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့ကြပါသည်။ 

    နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်တွင် လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၈-၁-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉/၂၀၁၃ ဖြင့် “လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၇-၈-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃/၂၀၁၃ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်သည့် ၁၇-၉-၂၀၁၃ ရက်နေ့မှစ၍ အာဏာတည်ခဲ့ပါသည်။ 

    ပြောင်းလဲလာသော ခေတ်နှင့်အညီ ပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လာသည့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ယင်းဥပဒေကို ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်ပြင်ဆင်ခြင်းအဖြစ် ၂၃-၇-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၂/၂၀၁၄ ဖြင့် ပုဒ်မလေးခုကိုလည်းကောင်း၊ ဒုတိယအကြိမ်ပြင်ဆင်ခြင်းအဖြစ် ၂၉-၇-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၃/၂၀၁၆ ဖြင့် ပုဒ်မသုံးခုကိုလည်းကောင်း၊ တတိယအကြိမ်ပြင်ဆင်ခြင်းအဖြစ် ၃၁-၇-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၈/၂၀၁၇ ဖြင့် ပုဒ်မနှစ်ခုကိုလည်းကောင်း၊ စတုတ္ထအကြိမ် ပြင်ဆင်ခြင်းအဖြစ် ၂၁-၆-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၀/၂၀၁၈ဖြင့် ပုဒ်မ ၂၄ ခုကိုလည်းကောင်း ပြင်ဆင်ခဲ့ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းဥပဒေအား ၁၀-၇-၂၀၁၅ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၅ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ စတင်သက်ဝင်လာပုံကို ဗဟုသုတရဖွယ် တင်ပြလိုက်ရပါသည်။

(ကိုးကား - ၈-၁၂-၂၀၂၁ ရက်နေ့ မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် မောင်မင်းဇံ၏ “အနာဂတ်မျိုးဆက်သစ်များအတွက် အဂတိလိုက်စားမှုများအား ဆန့်ကျင်တိုက်ဖျက်ကြပါစို့” ဆောင်းပါးမှ ကောက်နုတ်ချက်)

ဆက်စပ် သတင်းများ