ဥပဒေနှင့် ယှဉ်တွဲနေထိုင်ခြင်း

  • Tue, 28 December 2021

    လူသားတို့ အသက်ရှင်သန်ရပ်တည်နေထိုင်ရာ၌ လေးစားလိုက်နာရမည့် အချက်နှစ်ချက် ရှိပါသည်။ တစ်ချက်က “ဥပဒေ” ဖြစ်ပြီး၊ တစ်ချက်က “ကျင့်ဝတ်” ဖြစ်ပါသည်။ လောကကြီးတွင် လူတစ်ယောက်ရှင်သန် တိုးတက်နေထိုင်ရန်အတွက် ထိုနှစ်ချက်ကို လိုက်နာရန် လိုအပ်ပါသည်။ ထိုနှစ်ချက်သည် လောကကြီးတစ်ခုလုံး စနစ်တကျရှိရန်အတွက် ရှေးဦးလိုအပ်ချက်ဖြစ်ပြီး အာမခံချက်လည်းဖြစ်ပါသည်။ ထိုအချက်များကိုဖောက်ဖျက်လိုက်သည်နှင့်တစ်ပြိုင်နက် အခြားသူ ကို နာကျင်ထိခိုက်စေမည်ဖြစ်ပြီး မိမိလည်းနာကျင်ထိခိုက်မည်ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးချင်း၏ အခွင့်အရေးကို ကာကွယ်သည့်အနေဖြင့် ဥပဒေကို မသိသူ၊ နားမလည်သူ၊ မလိုက်နာသူကို လောကကြီးတစ်ခုလုံးက ပစ်ပယ်ထားမည့်အပြင် ပြစ်ဒဏ်ပေးခြင်းလည်းခံရမည် ဖြစ်သည်။ ဥပဒေဆိုသည်မှာ ကြိုးတစ်ချောင်းဖြစ်ပါသည်။ ထိုကြိုးကိုကျစ်ပြီး ချောင်းကိုဖြတ်ကူးရန် တံတား တစ်စင်းအဖြစ် ဖန်တီးအသုံးပြုနိုင်သလို အပြစ်သားများကို တုပ်နှောင်သည့် ဒဏ်ပေးသော ပစ္စည်းတစ်ခုလည်း ဖြစ်နိုင်ပါသည်။ 


  နိုင်ငံတစ်နိုင်ငံထူထောင်ရာတွင် ဥပဒေသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါသည်။ ဥပဒေနှင့် တိုင်းပြည်ကို အုပ်ချုပ်ခြင်းဖြစ်ပြီး လောကကြီးကို အုပ်ချုပ်ရန်အတွက် မဖြစ်မနေ လိုအပ်နေသည့် ပေါ်လစီဖြစ်ပါသည်။ လူငယ်များသည် တိုင်းပြည်၏အနာဂတ်၊ တိုင်းသူပြည်သား၊ နိုင်ငံသားများ၏ မျှော်လင့်ချက်ဖြစ်၍ ဥပဒေကိုသိရန်၊ ဥပဒေကို လိုက်နာရန် လိုအပ်ပါသည်။ ဥပဒေကို လိုက်နာရုံသာမက ဥပဒေကို အသုံးချပြီး မိမိကိုယ်ကို ကာကွယ်နိုင်ရန်လည်း လေ့လာသင်ယူရန် လိုအပ်ပါသည်။ 

(ကိုးကား- ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ် အခြေခံပညာအလယ်တန်း ဆရာကိုင် စာအုပ်)


ဆက်စပ် သတင်းများ