နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည် အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Wed, 9 June 2021

နေပြည်တော်၊ ဇွန်လ ၉  ရက်


         နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်(ဟောင်း) ဦးမင်းသူ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်(ဟောင်း)ထံမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်၍ တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ (၆၀၀,၀၀၀)(ခြောက်သိန်း)နှင့် အကယ်ဒမီအခေါက်ရွှေ (၇)ပိဿာတို့ကို သုံးကြိမ်ခွဲ၍ နေအိမ်တွင် လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊

          ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သော ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း(ရုံးချုပ်)ဖွင့်လှစ်ရန် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၆၀)ရှိ မြေ (၁.၈၆)ဧကနှင့် အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လျော့နည်းသက်သာသော နှုန်းထားနှင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ငှားရမ်းဆောင်ရွက်စေခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာပါ တွက်ချက်မှုအရ နိုင်ငံတော်က ငွေကျပ်သန်း (၅၂၀၀)ကျော် နစ်နာဆုံးရှုံး ခဲ့ကြောင်း၊

       ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုး သက်မွေးပညာ သင်တန်းကျောင်းစီမံကိန်း ဆောင်ရွက်ရန် ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ (၁၀၁.၃၃)ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ (၂၃.၈၅၅)ဧကကို  နေပြည်တော် စည်ပင်သာယာရေးကော်မတီထံမှ လျှောက်ထားရယူခဲ့ရာတွင် နေပြည်တော်တည်ဆောက်မှု မူလစီမံကိန်းပါ နိုင်ငံတော်ပိုင်မြေများဖြစ်သည့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနပိုင်မြေနှင့် အနာဂတ်တွင် အများပြည်သူအတွက် ပေါင်းလောင်း-ပျဉ်းမနား-ရှားပင်ကုန်း ထပ်ဆင့် ရေတွန်းစက်ရုံအထိ ရေပေးဝေရေးလမ်းကြောင်း စီမံကိန်းအဖြစ် လျာထားသည့်မြေနေရာများကိုပယ်ဖျက်ပြီး၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၀)၌ မြေနေရာချထားပေးခြင်းနှင့် မြေငှားစာချုပ်(မြေဂရန်) ထုတ်ပေးခြင်းတို့ကို တစ်ချိန်တည်း ခွင့်ပြုပေးခဲ့ရခြင်းသည် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခြင်း မဟုတ်ဘဲ မိမိ၏ရာထူး အရှိန်အဝါကို အသုံးပြု၍ ထိုက်သင့်သည့်တန်ဖိုးထက် များစွာလျော့နည်းလျက် ပေးချေခဲ့ကြောင်း၊ စုစုပေါင်း မြေဧရိယာ(၁၂၅.၁၈၅) ဧကတို့အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ကြားဖြတ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ နိုင်ငံတော်မှ ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း၊

     ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝ မြှင့်တင်ရေးလုပ်ငန်းများနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိသော ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် အဆောက်အဦနေအိမ်ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ အများပြည်သူမှ ထည့်ဝင်လှူဒါန်းထားသော အလှူငွေများထဲမှ ငွေကျပ် ၁.၆ ဘီလီယံကျော်ကို မလျော်ဩဇာ အသုံးပြု၍ သုံးစွဲဆောက်လုပ်စေခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ လည်းကောင်း၊

  နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်(ဟောင်း) ဦးမင်းသူတို့သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေး ပညာသင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ရန်အတွက် ဥတ္တရသီရိမြို့နယ်ရှိ တစ်ဆက်တစ်စပ်တည်းဖြစ်သော မြေဧရိယာ (၁၀၁.၃၃) ဧကနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြေဧရိယာ(၂၃.၈၅၅)ဧက လျှောက်ထားရယူရာတွင် ၁၈-၂-၂၀၂၀ ရက်နေ့တွင် ပြုလုပ်သော နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအမှတ်စဉ်(၇/၂၀၂၀)မှ မြေနေရာချပေးခြင်းနှင့် မြေငှားစာချုပ်(မြေဂရန်) ထုတ်ပေးရာတွင် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျော်လွန်၍ ခွင့်ပြုပေးခဲ့ခြင်းကြောင့် ၎င်းတို့ (၃)ဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင်   ၉-၆-၂၀၂၁ ရက်နေ့၌ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ