ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဌာန၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Tue, 27 April 2021

နေပြည်တော်၊ ဧပြီလ ၂၇ ရက်

    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊  လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သော ဒေါ်နီလာကျော် အပေါ် လုပ်ထုံးလုပ်နည်းနှင့်မညီသော လုပ်ငန်းဆောင်ရွက်မှုများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။

   စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်သည် ဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်သည့် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က Quality Controller Company ရွေးချယ်ရေးအဖွဲ့၌ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ၎င်း၏လုပ်ပိုင်ခွင့်ကို အသုံးချ၍ ၎င်းနှင့် ခင်မင်ရင်းနှီးသည့် ကုမ္ပဏီကို Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် လုပ်ငန်းချထားပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊

    ၂၀၁၇ ခုနှစ်၊ မတ်လမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ကာလအတွင်း လုပ်ငန်းစုစုပေါင်း (၁၅၇၇)ခုမှ အရည်အသွေးစစ်ဆေးခအဖြစ် ဝင်ငွေ ကျပ်သိန်း ၁၆၆၀၀ ကျော်ကို ရရှိစေခဲ့ပြီး ၎င်းကုမ္ပဏီထံမှ ငွေကျပ် ၉၁၈.၂၄ သိန်းကို ၎င်းကိုယ်တိုင် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် ၅၉၅.၃၆သိန်းကို ၎င်း၏အိမ်အကူမှ တစ်ဆင့် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် ၂၁၃၀ သိန်းကို ၎င်းကိုယ်စား ပုဂ္ဂိုလ်တစ်ဦးထံသို့ သွားရောက် အကြွေးဆပ်စေခြင်းဖြင့် စုစုပေါင်းငွေကျပ် ၃၆၄၃.၆၀ သိန်းကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်အရ  ပေးအပ်ထားသော လုပ်ပိုင် ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်နီလာကျော် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့မရဲစခန်းတွင် ၂၇-၄-၂၀၂၁ ရက်နေ့၌ ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

 


ဆက်စပ် သတင်းများ