အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြည်သူ့ဝန်ထမ်းအယောင်ဆောင်၍ ခြောက်လှန့်တောင်းယူမှု ကျူးလွန်သူ ဦးမင်းသူကို စီရင်ချက်အမိန့်ချမှတ်
- Thu, 24 December 2020
နေပြည်တော်၊ ဒီဇင်ဘာလ ၂၄ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၂၅)လမ်း၊ အိမ်အမှတ်(၉၇၁)နေ ဦးမင်းသူ (ယခင် လွှတ်တော်ပြင်ပ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့)က ညောင်တုန်းမြို့နယ်အတွင်းမှ ဝန်ထမ်းနှစ်ဦးအား ၎င်းတို့နှင့်ပတ်သက်သော တိုင်စာများ၊ အမှုတွဲများ အဂတိအဖွဲ့သို့ ရောက်ရှိ နေကြောင်း၊ ၎င်းသည် အဂတိကော်မရှင်မှ အတွင်းရေးမှူးဖြစ်ကြောင်း၊ တိုင်စာကိစ္စများအား ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ပြောဆိုကာ ဝန်ထမ်းနှစ်ဦးထံမှ ငွေကျပ် သိန်း(၃၀) အား ခြောက်လှန့်တောင်းယူခဲ့ကြောင်း ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။
အဆိုပါ တိုင်ကြားချက်အရ ဦးမင်းသူသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ဝန်ထမ်းတစ်ဦးမဟုတ်ဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၏ အတွင်းရေးမှူးဟု အယောင်ဆောင် ပြောဆိုပြီး ညောင်တုန်းမြို့နယ် ဦးစီးဌာနမှူးနှစ်ဦးထံမှ စုစုပေါင်း ငွေကျပ်သိန်း(၃၀) အား ပြည်သူ့ဝန်ထမ်းအယောင်ဆောင်ကာ ခြောက်လှန့် တောင်းခံရယူခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးမင်းသူ အပေါ် ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်း မြို့မရဲစခန်းတွင် ၂၇-၂-၂၀၂၀ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်အမှတ် ၇၆/၂၀၂၀ ဖွင့်လှစ်၍ တရားစွဲဆို အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။(သတင်းဖော်ပြပြီး)
အဆိုပါ အမှုအား ၁၆-၃-၂၀၂၀ရက်နေ့တွင် ညောင်တုန်း မြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးမှုအမှတ် ၃၃၉/၂၀၂၀ဖြင့် လက်ခံစစ်ဆေးပြီးနောက် ၂၄-၁၂-၂၀၂၀ ရက်နေ့တွင် တရားခံ မင်းသူအပေါ် ရာဇသတ်ကြီးပုဒ်မ ၁၇၀ အရ ထောင်ဒဏ်(၁)နှစ် နှင့် ရာဇသတ် ကြီးပုဒ်မ ၃၈၄ အရ ထောင်ဒဏ်(၂)နှစ် ကျခံစေရန်၊ ပြစ်ဒဏ်များကို သီးခြားကျခံစေရန် စီရင်ချက်အမိန့်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။