အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ ထိုင်းနိုင်ငံတွင်ပြုလုပ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အဆင့်မြင့်ညီလာခံ တက်ရောက်

  • Mon, 5 March 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ ထိုင်းနိုင်ငံတွင်ပြုလုပ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အဆင့်မြင့်ညီလာခံ တက်ရောက်


နေပြည်တော်၊ မတ်လ ၅ ရက်

    မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ သည် ၅-၃-၂၀၁၈ ရက်နေ့ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကုလသမဂ္ဂ ဗဟိုအစည်းအဝေးဌာန၌ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး နှင့် ထိုင်းနိုင်ငံ တရားမျှတမှုဌာနတို့ ပူးပေါင်းကျင်းပသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြစ်မှုတားဆီးကာကွယ်ရေးနှင့် လူ့အဖွဲ့အစည်း ဘေးကင်းလုံခြုံရေး အဆင့်မြင့်ညီလာခံသို့ တက်ရောက်ခဲ့သည်။

    ညီလာခံသို့ အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ လေ့လာသူများ တက်ရောက်ခဲ့ပြီး ထိုင်းဘုရင့်သမီးတော် မင်းသမီး ဘာဂျာရာကစ်တီရာဟာမဟီဒေါ (Princess Bajrakityabha Mahidol)နှင့် မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးမှ အမှုဆောင်ဒါရိုက်တာ မစ္စတာယူရီဖီဒိုတော့ဗ် (Mr. Yury Fedotov)တို့ တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားခဲ့သည်။

    ဆက်လက်၍ညီလာခံအစီအစဉ်အပိုင်း(၁)တွင် အရှေ့တောင် အာရှဒေသ တရားဥပဒေစိုးမိုးရေး အပေါ် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ကော်မရှင်ဥက္ကဋ္ဌက ဦးဆောင်ဆွေးနွေးရာ၌ အရှေ့တောင်အာရှဒေသတွင် ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေမဲခဝါချမှု၊ လူကုန်ကူးမှု၊ သဘာဝအရင်းအမြစ် တရားမဝင်ကုန်သွယ်မှုတို့သည် အဂတိလိုက်စားမှုနှင့်ဆက်စပ်နေကြောင်း၊ အဆိုပါပြစ်မှုများသည် အရှေ့တောင်အာရှဒေသ၏ တရားဥပဒေစိုးမိုးရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း လူ့အဖွဲ့အစည်း၏ ဘေးကင်းလုံခြုံရေးကို အဟန့်အတားဖြစ်စေကြောင်း၊ ဒေသတွင်းရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းအများအနေဖြင့် အဆိုပါပြစ်မှုများကို အခြားဆက်နွယ်နေသည့် တာဝန်ရှိအဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ဆက်စပ် သတင်းများ