အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
- Tue, 23 June 2020
နေပြည်တော် ဇွန်လ( ၁၉ )ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်လူငယ်များရိပ်သာ စည်းကမ်းထိန်းသိမ်းရေးနှင့် အလုပ်အမှုဆောင်အဖွဲ့မှ ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့်ရရှိရေးအတွက် အငြင်းပွားမှု အပေါ် အပြန်အလှန်တရားစွဲဆိုသည့်ကိစ္စနှင့်ပတ်သက်၍ ပန်းဘဲတန်းမြို့နယ်မှ ဥပဒေ အရာရှိ၊ တရားရုံး၊ ရဲစခန်းမှူးနှင့် တာဝန်ရှိသူတို့က ဦးဉာဏ်ထွန်းထွန်း ခေါင်းဆောင်သည့် အဖွဲ့ထံမှ လာဘ်ငွေများ တောင်းခံရယူခဲ့ခြင်းအား အရေးယူပေးပါရန် တိုင်ကြားခဲ့ပါသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း မြို့မစခန်းမှူး ဒုတိယရဲမှူး အောင်ဇော်မိုး (ယခု ဦးစီး(၅)၊ စီမံ/အုပ်ချုပ်ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော်) သည် (ပ)၁၅၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၁/၃၄၁/၄၂၇/၅၀၆/၁၁၄ အမှုနှင့်စပ်လျဉ်း၍ ရဲခံဝန်ချုပ် အာမခံ ပြုလုပ်ရာတွင် ဦးမြင့်ဦးထံမှ ငွေကျပ်(၆)သိန်းအား လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ စာချွန်တော်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း (ယခု မြောင်းမြခရိုင် ဥပဒေအရာရှိ)သည် ပန်းဘဲတန်းမြို့မရဲစခန်း၏ (ပ)၁၄၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၀၉ နှင့် (ပ)၁၅၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၅၁/၃၄၁/၄၂၇/၅၀၆/၁၁၄ အမှု နှစ်မှုကို အကြံပေးပြင်ဆင်လိုသည့်ကိစ္စနှင့်ပတ်သက်၍ စုစုပေါင်း ငွေကျပ်(၅၇)သိန်းကို (၇)ကြိမ်ခွဲ၍ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရလည်းကောင်း၊ ရန်ကုန်မြို့လူငယ်များဂေဟာအုပ်ချုပ်ရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနှင့် ဘဏ္ဍာရေးမှူး ဦးမြင့်ဦးတို့သည် ဒုတိယရဲမှူး အောင်ဇော်မိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း တို့အား ငွေကြေးပေးခြင်း၊ စီမံ ခန့်ခွဲမှုပြုခြင်းတို့ဖြင့် အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ၎င်းတို့(၂)ဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ အရ လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့မရဲစခန်းနှင့် သက်ဆိုင်ရာ ရဲစခန်းများတွင် ၁၈-၆-၂၀၂၀ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။