အဂတိလိုက်စားမှုတိုင်းတာခြင်း အခြေခံသင်တန်း ဖွင့်လှစ်

  • Mon, 3 February 2020

အဂတိလိုက်စားမှုတိုင်းတာခြင်း အခြေခံသင်တန်း ဖွင့်လှစ်



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဒိန်းမတ်နိုင်ငံသံရုံး၊ UNODC တို့၏ ကျွမ်းကျင်မှုနည်းပညာအကူအညီဖြင့် အဂတိလိုက်စားမှုတိုင်းတာခြင်း အခြေခံသင်တန်း (Training on Measuring Corruption)ဖွင့်ပွဲကို ယနေ့နံနက်(၀:၀၀)နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ် ၌ ကျင်းပသည်။


အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ UNODC မှ ကျွမ်းကျင်သူများနှင့် ကော်မရှင်ရုံးမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။အခမ်းအနား၌ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို မဟာဗျူဟာစီမံချက်၊ နှစ်စဉ်လုပ်ငန်းစီမံချက် များ ရေးဆွဲအကောင်အထည်ဖော်ရာတွင် နိုင်ငံအတွင်းဖြစ်ပေါ်နေသော အဂတိလိုက်စားမှု အခြေအနေအရပ်ရပ်၊ ပြည်သူလူထုသဘောထားအမြင်နှင့် စပ်လျဉ်း၍ ဆွေးနွေးသည့် သတင်း အချက်အလက်များကို အခြေခံရေးဆွဲရသဖြင့် အဂတိလိုက်စားမှုတိုင်းတာခြင်းသည် အရေးပါ ကြောင်း၊ တိုင်းတာရရှိလာသောအချက်အလက်များအပေါ်မူတည်၍ အဂတိလိုက်စားနိုင်ခြေ ရှိသည့် ကိစ္စရပ်များအား Corruption Risk Assessment - CRA နည်းလမ်းဖြင့် သုံးသပ်နိုင်ကြောင်း၊ တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးပြုနိုင်ခြင်း စသည့် မျှော်မှန်းရလဒ်များ ရရှိမှာဖြစ်ကြောင်း ပြောကြားပါသည်။


ထို့နောက် UNODC မှ Programme Manager Ms.Marie Pegie Cauchoics က ပြောကြား ရာတွင် အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အန္တရာယ်ရှိသော ကပ်ရောဂါဆိုးကြီး တစ်ခုဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကို တိုင်းတာခြင်းမပြုလုပ်နိုင်လျှင် အဂတိလိုက်စားမှုအပေါ် စီမံခန့်ခွဲရန် မလွယ်ကူကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် စွမ်းဆောင်ရည်နည်းပညာ အထောက်အကူဖြစ်စေရန် သတင်းအချက်အလက်များ တိုင်းတာခြင်းကို သင်ကြားပေးမှာ ဖြစ်ကြောင်း ပြောကြားပါသည်။


သင်တန်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၂၅)ဦး တက်ရောက်ကြပါသည်။





ဆက်စပ် သတင်းများ