ပဲခူးတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ကော်မရှင်ဥက္ကဋ္ဌပြောကြားသော အမှာစကား

  • Thu, 17 January 2019

 ပဲခူးတိုင်းဒေသကြီး  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ကော်မရှင်ဥက္ကဋ္ဌပြောကြားသော အမှာစကား




 ပဲခူးတိုင်းဒေသကြီး  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ကော်မရှင်ဥက္ကဋ္ဌပြောကြားသော အမှာစကား

(၁၇-၁-၂၀၁၉)

၁။        နှုတ်ခွန်းဆက်ခြင်း။                              

၂။    ယခုအခါ နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကော်မရှင်က ထိထိရောက်ရောက် ဆောင်ရွက်နေနိုင်ခြင်းသည် နိုင်ငံတော်နှင့်ပြည်သူလူထု တစ်ရပ်လုံးအတွက် ရတောင့်ရခဲအခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ဦးစွာပထမတင်ပြလိုပါ သည်။ ဆယ်စုနှစ်များစွာ လွှမ်းမိုးကြီးထွားခဲ့သော အဂတိလိုက်စားမှုစနစ်ဆိုးသည် ကျွန်တော်တို့နိုင်ငံ၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှု ဘဝကြီးတစ်ခု လုံးကို အကြီးအကျယ် ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့သည်ကို လူတိုင်းသိရှိနားလည်ထား ကြပြီးဖြစ်ပါသည်။ အဂတိလိုက်စားခြင်းသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်း ဖြစ်သည့်အတွက် ဆယ်စုနှစ်များစွာ ကိုယ်ကျင့်တရားများပျက်ယွင်းနေခဲ့သော လူမှု ယဉ်ကျေးမှု ပတ်ဝန်းကျင် အတွင်းမှာ ရှင်သန်ခဲ့ရသော ကျွန်တော်တို့ နိုင်ငံတော်သူ နိုင်ငံတော်သားများ၏ ဂုဏ်သိက္ခာ သည်လည်း များစွာထိခိုက်ကျဆင်းခဲ့ရပါသည်။ ထို့ကြောင့် ယနေ့ ဒီမိုကရေစီပြုပြင်    ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ရပ် အဖြစ်သော်လည်းကောင်း၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ထွန်းလာစေရေး အတွက်သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ပြင်းပြသောနိုင်ငံရေးဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ဆောင်မှု တစ်ရပ်အနေနှင့်သော်လည်းကောင်း ကျွန်တော်တို့ကော်မရှင်က ဦးဆောင်ပြီး အဂတိလိုက်စားမှုများကိုတိုက်ဖျက်နေခြင်းသည် မည်သူ့အတွက်မျှ ခြိမ်းခြောက်မှု မဖြစ်စေချင်ပါကြောင်းနှင့် အစိုးရဌာနအဖွဲ့အစည်းများအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊  စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူလူထုကြီးတစ်ရပ်လုံး ဂုဏ်သိက္ခာပြန်လည်မြင့်မားလာရေးအတွက် လက်လွတ်မခံ သင့်သည့်  အခွင့်အရေး  တစ်ရပ်သာဖြစ်ပါကြောင်း တင်ပြလိုပါသည်။

၃။    အမှန်စင်စစ် အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် လွတ်လပ်၍ ဖွံ့ဖြိုးတိုးတက်သောလူနေမှုဘဝတို့အတွက် အခြေခံလိုအပ်သည့် ဖြောင့်မတ် တည်ကြည်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှုနှင့် အားလုံးပါဝင်နိုင်မှုစသော တန်ဖိုး ထားအပ်သည့် ကောင်းမွန်သောကိုယ်ကျင့်တရားများကို နိုင်ငံသူ နိုင်ငံသားများအတွင်း ပိုမိုဖြစ်ထွန်းလာစေရန် ပြုပြင်ပြောင်းလဲမှုတစ်ရပ်ကို ဖော်ဆောင်ပေးနေခြင်းလည်း ဖြစ်ပါသည်။ လာဘ်ပေးလာဘ်ယူခြင်း၊ ခြောက်လှန့်တောင်းခံခြင်း၊ ရုံးဌာနများတွင် ပုံစံအမျိုးမျိုးဖြင့် ငွေကြေး ပေးရခြင်း၊ တံစိုးလက်ဆောင် ပေးခြင်း ယူခြင်း၊ တရားမဝင်ဂိတ်ကြေး  ပေးရခြင်း၊ ဘက်လိုက်ခြင်း၊ မျက်နှာသာပေးခြင်း၊ ဆရာမွေး တပည့်မွေးခြင်း၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေနှင့် မြေယာအဆောက်အအုံအပါအဝင် အများပြည်သူပိုင်ဆိုင်မှုများကို အလွဲသုံးစားပြုခြင်း သို့မဟုတ် ထိခိုက်နစ်နာဆုံးရှုံးစေခြင်း၊ အများပြည်သူဆိုင်ရာရုံးဌာနတစ်ခုတွင် တာဝန်   ထမ်းဆောင်ပြီး အများပြည်သူအကျိုးစီးပွားကိုလျစ်လျူရှု၍ ပုဂ္ဂလိကအကျိုးစီးပွားများသာ ပြုလုပ်ခြင်း၊ အဖြစ်မှန်ကိုဖုံးကွယ်၍ မှားယွင်းသောအုပ်ချုပ်ရေးစနစ်ကို အကာအကွယ် ပြုပေးခြင်း၊ ပြည်သူကပေးအပ်ထားသောအခွင့်အာဏာကို အလွဲသုံးစားပြုခြင်းစသည့် အဂတိလိုက်စားမှုများကို ကော်မရှင်ကတိုက်ဖျက်ရခြင်းသည် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်နှင့် အညီ ကောင်းမွန်သောကိုယ်ကျင့်တရားများ ဖွံ့ဖြိုးအားကောင်းလာစေရန်အတွက်သာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ တစ်ဦးတစ်ယောက် တစ်ဖွဲ့ကို ထိခိုက် နစ်နာစေရန် ဆန္ဒဂါမိ၊ ဆန္ဒာဂတိနောက်သို့  လိုက်ပါခြင်းမရှိပါကြောင်းကိုလည်း တင်ပြလိုပါသည်။

၄။    ဤနေရာတွင် အဂတိလိုက်စားမှု (Corruption) ၏ အနက်အဓိပ္ပာယ်ဖော်ပြချက်ကို အနည်း ငယ်ရှင်းလင်းတင်ပြလိုပါသည်။ အစိုးရဌာနများအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့ အစည်းများနှင့်သာ အများဆုံးဆက်စပ်လုပ်ကိုင်ရသော ကမ္ဘာ့ဘဏ်အုပ်စု၏ အနက် အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ “ အဂတိလိုက်စားမှုဆိုသည်မှာ ပုဂ္ဂလိကအကျိုးစီးပွားအလို့ငှာ အများပြည်သူဆိုင်ရာ ရုံးဌာနတစ်ခုကို အလွဲသုံးစားပြုခြင်း ” ဟု ဖော်ပြထားပါသည်။ ဆိုလိုသည်မှာ အများပြည်သူ၏ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ထားသော အများပြည်သူက ပိုင်ဆိုင်သောရုံးဌာနတစ်ခုတွင် အများပြည်သူကပေးအပ်ထားသော လစာနှင့်ခံစားခွင့်များကို ရယူ ခံစားလျက်၊ အများပြည်သူကတာဝန်အပ်နှင်းထားသဖြင့် လုပ်ပိုင်ခွင့်အာဏာရှိနေသော ပုဂ္ဂိုလ်တစ်ယောက်သည် အများပြည်သူလူထု၏ အကျိုးစီးပွားအတွက်သာလျှင် အပြည့်အဝ ဆောင်ရွက်ပေးရန်တာဝန်ရှိပါသည်။ ရာထူးဌာနကိုအသုံးပြု၍ ပုဂ္ဂလိကအကျိုးစီးပွား အတွက် ဆောင်ရွက်ခွင့်မရှိပါ။ ထိုသူသည် မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ ပြည်သူ လူထုထံမှ ငွေကြေးကောက်ခံခြင်း သို့မဟုတ် အခြားနည်းဖြင့် ပုဂ္ဂလိကအကျိုးစီးပွားကို မိမိအတွက်နှင့် မိမိအထက်အရာရှိအတွက် ရံဖန်ရံခါရှာဖွေပေးရသည်ဆိုလျှင်ပင် ထိုသူသာမက သူ၏အထက်အရာရှိတို့ပါ အဂတိလိုက်စားမှုပြစ်မှုကို ကျူးလွန်ရာရောက် နိုင်ကြောင်း ပြောကြားလိုပါတယ်။ ထို့ကြောင့် အထက်အရာရှိများသည် မိမိကိုယ်တိုင် ကင်းရှင်းရသည့် အပြင် မိမိလက်အောက်မှပုဂ္ဂိုလ်များ အဂတိလိုက်စားမှုမဖြစ်အောင် လုံလောက်သည့် ထိန်းကျောင်းမှုများ ပြုလုပ်ပေးရန်တာဝန်ရှိပါသည်။ ဤသည်မှာ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးနှင့်ပတ်သက်၍ အုပ်ချုပ်ရေး၌တာဝန်ယူမှုရှိခြင်း ( Accountability in Administration ) ပင် ဖြစ်ပါသည်။

၅။    အလားတူ အဂတိလိုက်စားမှုအတွက် ထင်ရှားသောအနက်အဓိပ္ပာယ်ဖော်ပြချက် နောက် တစ်မျိုးလည်းရှိပါသေးသည်။ အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းကြီး   ဖြစ်သည့်  အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့ ( TI )  က “ အဂတိလိုက်စားမှု ဆိုသည်မှာ ပုဂ္ဂလိကအကျိုးအမြတ်အလို့ငှာ ယုံကြည်အပ်နှံထားသောပါဝါကို အလွဲသုံးစား ပြုခြင်း” ဟု ဖော်ပြထားပါသည်။ စီးပွားရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်း၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်း၊ အမွေဆက်ခံမှု၊ ထိမ်းမြားလက်ထပ်ခြင်း၊ ပညာ သင်ကြားခွင့်၊ ရာထူးခန့်အပ်ခြင်း၊ ရွေးကောက်ပွဲအပါအဝင် ကျယ်ပြန့်စွာလွှမ်းခြုံမှုရှိသော ရှင်းလင်းချက်ဖြစ်ပါသည်။ ဤနေရာတွင် ကျွန်တော်အထူးပြုတင်ပြလိုသည်မှာ အဂတိ လိုက်စားမှုသည် အစိုးရဌာနအဖွဲ့အစည်းများအပါအဝင်ဖြစ်သော အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများသာမက  ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့်လည်း သက်ဆိုင်ပြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းလာလျှင် အရေးယူခြင်းခံရနိုင်သည် ဆိုသည့်အချက်ပဲ ဖြစ်ပါသည်။ ဤသို့မဖြစ်စေရန် အကောင်းဆုံး လုပ်ဆောင်နိုင်သည့်နည်းလမ်းမှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် မိမိတို့ အဖွဲ့အစည်းအလိုက် ကျင့်ဝတ်များရေးဆွဲထားကြပြီး လိုက်နာကျင့်သုံးကြခြင်းပဲ ဖြစ်ပါ သည်။ ကော်မရှင်အနေဖြင့် အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကိုသာ ဥပဒေနှင့်အညီ ထုတ်ပြန်ဆောင်ရွက်နိုင်သည်ဖြစ်၍ စီးပွားရေးလုပ်ငန်းများ ကျင့်ဝတ် ရေးဆွဲရာတွင် လိုက်နာသင့်သည့်မူဘောင်ကို အမိန့်ကြော်ငြာစာအမှတ်၊ ၁၄/၂၀၁၈ ဖြင့် ထုတ်ပြန်ထားပါသည်။  ဤမူဘောင်သည် ပြည်တွင်းပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အနာဂတ်ကာလတွင် နိုင်ငံတကာအဆင့် (ISO 37001) စံနှုန်းသို့ တက်လှမ်းနိုင်ရေး လွယ်ကူစေရန်ရည်မှန်းပြီး ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ အခြားအဖွဲ့အစည်းများကလည်း ဤမူဘောင်ကို နမူနာယူ၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးကျင့်ဝတ်များရေးဆွဲပြီး လိုက်နာနိုင်ကြပါကြောင်း အကြံပေးပြောကြားလိုပါသည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် အမိန့်ကြော်ငြာစာ ၁၄/၂၀၁၈  မူဘောင်နှင့်အညီ ကျင့်ဝတ်များရေးဆွဲပြီး လိုက်နာကျင့်သုံးကြ ခြင်းသည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍  စီးပွားရေးလုပ်ငန်း များ၌ တာဝန်ယူမှုရှိခြင်း (Accountability in Business) ဖြစ်ပါသည်။

၆။    အထက်တွင်တင်ပြခဲ့သည့်အတိုင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အုပ်ချုပ်ရေးအပိုင်းမှ သော်လည်းကောင်း ၊ စီးပွားရေးလုပ်ငန်းများမှ သော်လည်းကောင်း တာဝန်ယူမှုမြှင့်တင်နိုင်ကြမည်ဆိုလျှင် ကျွန်တော်တို့နိုင်ငံ၏ အဂတိလိုက်စားမှုအခြေအနေ သည် အတိုင်းအတာတစ်ခုအထိ လျော့ကျလာသည်ကို ၂၀၁၉ ခုနှစ် အကုန်ပိုင်းမှ စတင်ပြီး  တွေ့မြင်လာနိုင်ဖွယ်ရှိသည်ဟု  ကော်မရှင်ကမျှော်လင့်ထားပါသည်။  ကော်မရှင်သည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) နှင့်အညီ ၂၀၁၉ ခုနှစ်အတွက် လုပ်ငန်းစီမံချက် (Action Plan) ကို ရေးဆွဲပြီး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ ခွင့်ပြုချက် ရရှိပြီးဖြစ်ပါသည်။ ဤလုပ်ငန်းစီမံချက်ဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်နှင့်အညီ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော် တည်ဆောက် ရာတွင် အဓိကကျသည့် ခလုတ်တံသင်းတစ်ခုဖြစ်နေသော အဂတိလိုက်စားမှုများကို ပိုမိုတိုက်ဖျက် သွားနိုင်မည်ဟု  ယုံကြည်ပါသည်။

၇။    နိဂုံးချုပ်အနေဖြင့် ကျွန်တော် အချက်နှစ်ချက်ကို တင်ပြလိုပါတယ်။  ပထမအချက်မှာ မြန်မာ နိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော တစ်နိုင်ငံလုံးပျံ့နှံ့နေသည့် အဂတိလိုက်စားမှု (Systemic Corruption) တွင် အနည်းဆုံးအင်္ဂါရပ်သုံးခုပါရှိကြောင်း ပြည်တွင်း / ပြည်ပ ပညာရှင်များက လက်ခံသဘောတူထားကြပါသည်။ ထိုအင်္ဂါရပ်သုံးခုမှာ (၁) အစိုးရဌာနအဖွဲ့အစည်းများ အပါအဝင်ဖြစ်သော အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်းရှိ အရေးကြီးသောနေရာ များ၌ အဂတိလိုက်စားသူများရှိနေကြဆဲဖြစ်ခြင်း၊ (၂) ပြည်သူအများစုအနေဖြင့် အခြား ရွေးချယ်စရာနည်းလမ်း မရှိသောကြောင့် လာဘ်ပေးလာဘ်ယူမှုကို လုပ်ရိုးလုပ်စဉ်ကဲ့သို့ လုပ်နေကြရခြင်းနှင့် (၃) တာဝန်ရှိသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တာဝန်ယူမှု ရှိသင့်သလောက် မရှိကြသေးခြင်းတို့ပဲဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အင်စတီကျူးရှင်းခေါင်းဆောင်များသည် မိမိတို့၏သြဇာအာဏာများကို မဖြစ်မနေသုံးစွဲကြရန်လိုအပ်ပါကြောင်း ကို ပထမအချက်အနေဖြင့်တင်ပြလိုပါသည်။ ဒုတိယ တင်ပြလိုတာကတော့ အဂတိလိုက်စားမှုအတွက် ကုန်ကျစရိတ် (Cost of Corruption) ကို အင်စတီကျူးရှင်းခေါင်းဆောင်များက မှန်ကန်စွာတွက်ချက်နိုင်ရန်ဖြစ်ပါသည်။  အဂတိ လိုက်စားမှုအတွက် ကုန်ကျစရိတ်ကို ပေးသော  ယူသော  လာဘ်ငွေပမာဏနှင့် မတိုင်းတာ သင့်ပါ။ လုပ်ပိုင်ခွင့်အာဏာရှိသူတစ်ဦးက လာဘ်ငွေအနည်းငယ်မျှရယူပြီး တရားမဝင် လုပ်လိုက်သောကိစ္စတစ်ခုတွင် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် မည်မျှ ထိခိုက် နစ်နာ ဆုံးရှုံး သွားစေခဲ့သလဲဆိုသောအချက်နှင့်သာ တိုင်းတာသင့်ပါသည်။ ထိုသို့တိုင်းတာမည်ဆိုပါက နိုင်ငံသူနိုင်ငံသားတို့၏ အသက်များ ၊ ဘဝများ ၊ အခွင့်အရေးများ ၊ နိုင်ငံ့သယံဇာတများ၊ သမိုင်းအမွေအနှစ်များသာမက နိုင်ငံ့ရင်သွေး ကလေးသူငယ်တချို့၏ အနာဂတ်အလားအလာ များပါ ပျောက်ဆုံးကုန်ကြရသည့်အဖြစ်များကို တွေ့မြင်ခံစားနိုင်ကြရလိမ့်မည်ဟု ယူဆပါသည်။ သို့ဖြစ်ပါ၍အင်စတီကျူးရှင်းခေါင်းဆောင်များသည်ဆယ်စုနှစ်များစွာအတွင်း အခွင့်အခါကောင်း နှင့်ကြုံကြိုက်လျှက် မိမိတို့လက်ဝယ်ရရှိထားသည့် လုပ်ပိုင်ခွင့်နှင့်တာဝန်များကို နှောင့်နှေး တွေဝေနေခြင်းမရှိဘဲ နိုင်ငံတော်အစိုးရ၏ ပြင်းပြသောနိုင်ငံရေးဆန္ဒနှင့်အညီ အဂတိလိုက်စားမှုများကို တားဆီးကာကွယ်ရန်အတွက် မိမိတို့၏တာဝန်ယူမှုများကို အစွမ်းကုန်မြှင့်တင် ပေးကြပါ လို့ အလေးအနက် တိုက်တွန်းလိုက်ရပါသည်။ 


ဆက်စပ် သတင်းများ