အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ UNODC ရုံးမှ Country Manager ဖြစ်သူ Mr. Troels Vester အား လက်ခံတွေ့ဆုံခြင်း
- Tue, 25 June 2019
နေပြည်တော်၊ ဇွန်လ (၂၅) ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းသည် မြန်မာနိုင်ငံ ဆိုင်ရာ UNODC ရုံးမှ Country Manager ဖြစ်သူ Mr. Troels Vester အား ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC)တို့အကြား ကျွမ်းကျင်မှုနည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ်နှင့်ပတ်သက်ပြီး ဖြောင့်မတ် တည်ကြည်မှုလူငယ်စခန်းဖွင့်လှစ်ခြင်း၊ အခြေခံပညာကျောင်းများအတွက် ဖြောင့်မတ်တည်ကြည်မှုပညာပေးရေး အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်း၊ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် အစီအစဉ်အပါအဝင် နှစ်ဦး နှစ်ဖက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များအပေါ် ဆွေးနွေးကြပါသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး နှင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်တို့ တက်ရောက်ခဲ့ပါသည်။