အလွတ်သဘော စေတနာဖြင့် အကြံပေးရေး အဖွဲ့၏ လုပ်ငန်းညွှန်းတမ်း

  • Mon, 10 June 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် အလွတ်သဘော စေတနာဖြင့် အကြံပေးရေး အဖွဲ့ (Voluntary Advisory Group – VAG) အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ လိုအပ်သည့် အကြံဉာဏ်များပေးနိုင်ရန်အတွက် ဖွဲ့စည်းမည်ဖြစ်ပါသည်။ အဆိုပါ အဖွဲ့၏ အောက်ပါ လုပ်ငန်းညွှန်းတမ်း  (Terms of Reference) အား သိရှိနိုင်ပါရန် ဖော်ပြ အပ်ပါသည်။

 

အလွတ်သဘော စေတနာဖြင့် အကြံပေးရေးအဖွဲ့ (Voluntary Advisory Group – VAG) လုပ်ငန်းညွှန်းတမ်း                                   

ရည်ရွယ်ချက်များ

၁။      မြန်မာနိုင်ငံ၏  အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) ကို ကျွမ်းကျင်ပညာရှင်များပါဝင်၍ ရေးဆွဲခဲ့ပြီး အကောင်အထည်ဖော်၊ စီမံဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်အား အထောက်အကူပေးရန် အလွတ်သဘောစေတနာဖြင့် အကြံပေးရေးအဖွဲ့(Voluntary Advisory Group – VAG) ကို ဖွဲ့စည်းခြင်း ဖြစ်ပါသည်။

၂။       အလွတ်သဘောစေတနာဖြင့် အကြံပေးရေးအဖွဲ့(Voluntary Advisory Group – VAG) သည် ပြဋ္ဌာန်းဥပဒေကို အခြေမခံဘဲ အလွတ်သဘော ဖွဲ့စည်းသည့် အဖွဲ့အစည်းဖြစ်ပြီး စုံစမ်းစစ်ဆေးခြင်း အပါအဝင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်ပါ မည်သည့်လုပ်ငန်းတာဝန်များကိုမှ ဆုံးဖြတ်ခြင်း သို့မဟုတ် တာဝန်ယူဆောင်ရွက်ခြင်းမပြုပါ။

၃။      အဆိုပါအဖွဲ့အစည်းအား ဖွဲ့စည်းရခြင်းမှာ UNCAC အပိုဒ် ၁၃ ပါ “လူမှုအဖွဲ့အစည်း၏ ပါဝင် ဆောင်ရွက်ခြင်း” ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ UNCAC အပိုဒ် ၁၃ အရ စီးပွားရေးကဏ္ဍ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတို့နှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့တွင် ကော်မရှင် အား ကူညီပံ့ပိုးပေးရန်နှင့် အားပေးတိုက်တွန်းရန် ရည်ရွယ်ဖွဲ့စည်းခြင်းပင် ဖြစ်ပါသည်။

အဖွဲ့ဝင်များ

၄။      အလွတ်သဘောစေတနာဖြင့် အကြံပေးရေးအဖွဲ့(Voluntary Advisory Group – VAG) သည် ပုဂ္ဂလိကနှင့် အများပြည်သူဆိုင်ရာကဏ္ဍ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတို့မှ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်ပြီး အဖွဲ့ဝင်များ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

၅။      အဖွဲ့ဝင်အားလုံးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သီးခြား ကတိကဝတ်တစ်ခုကိုထားရှိရမည်ဖြစ်ပြီး ကော်မရှင်မှလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ၄င်းတို့၏ အတွေ့အကြုံ၊ အဆက်အသွယ်၊ ချိတ်ဆက်မှုများဖြင့် အကောင်းဆုံးအထောက်အပံ့ပေးရန် ဖြစ်ပါသည်။   

၆။      အဖွဲ့ဝင်များအနေဖြင့် ကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်ဖြင့် အဖွဲ့တွင် ပါဝင် ဆောင်ရွက်၍ ဥက္ကဋ္ဌမှ လုပ်ငန်းတာဝန်ပေးအပ်သည့် အချိန်ကာလအထိ တာဝန်များကို အခကြေးငွေရယူခြင်းမရှိဘဲ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၇။      အဆိုပါအဖွဲ့မှ အဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ကြားထားမှုကို ကော်မရှင်ဥက္ကဋ္ဌမှ ရုပ်သိမ်းခွင့်ရှိပါသည်။ ဥပမာအားဖြင့် ဥက္ကဋ္ဌမှ ကိုယ်ကျိုးစီးပွားပဋိပက္ခဖြစ်ပွားနိုင်သည့် အလားအလာ ရှိသည်ဟု ထင်မြင်လျင် သို့မဟုတ် အဖွဲ့ဝင်များ၏ စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် အဖွဲ့၏ အကျိုးကျေးဇူးကို ထိခိုက်လာနိုင်သည်ဟု ထင်မြင်လျှင် ရုပ်သိမ်းနိုင်ပါသည်။

၈။      အလားတူပင် အဖွဲ့ဝင်များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်းမှ မည်သည့်အချိန်၌မဆို နှုတ်ထွက်ခွင့်ရှိပါသည်။ ကော်မရှင်ရုံးသို့ အစည်းအဝေးတက်ရောက်ရန် အကြောင်းပြချက်မပေးဘဲ သုံးကြိမ် ဆက်တိုက်ပျက်ကွက်သောအဖွဲ့ဝင်များကို အဖွဲ့မှ နှုတ်ထွက်ပြီးဖြစ်သည်ဟု စဉ်းစား ဆုံးဖြတ်သွားမည် ဖြစ်ပါသည်။

၉။      အဖွဲ့ဝင်များသည်  ၎င်းတို့တာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်း၏ ကိုယ်စားမဟုတ်ဘဲ မိမိ ကိုယ်ကိုသာ ကိုယ်စားပြု တက်ရောက်ရမည်ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကိုယ်စားတက်ရောက် ခြင်း သို့မဟုတ် အလှည့်ကျတက်ရောက်ခြင်းလည်း ပြုလုပ်၍မရပါ။

ပွင့်လင်းမြင်သာမှုရှိရေး

၁၀။    ကော်မရှင်၏ ဝက်ဘ်ဆိုက်နှင့် Facebook တို့မှ အဆိုပါအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် အဖွဲ့ဝင်များ ကို အများပြည်သူသို့ ချပြရမည့်အပြင် အဖွဲ့၏တွေ့ဆုံဆွေးနွေးမှု အစီအစဉ်(Agenda)များကို အများ ပြည်သူသို့ ချပြပေးရမည်။ သို့သော် တွေ့ဆုံဆွေးနွေးသည့်အချက်အလက်များကိုချန်လှပ်ထားရမည်။ အလားတူအဖွဲ့ဝင်များအနေဖြင့်လည်း ကော်မရှင်မှ ချပြသည့် သတင်းအချက်အလက်များအတိုင်း မျှဝေနိုင်ပါသည်။

ဆွေးနွေးချက်များ

၁၁။    အလွတ်သဘောစေတနာဖြင့် အကြံပေးရေးအဖွဲ့ (Voluntary Advisory Group – VAG) အစည်းအဝေးများကျင်းပရခြင်း ရည်ရွယ်ချက်မှာ သတင်းအချက်အလက်များဖလှယ်ရန်၊  အဖွဲ့ဝင် အသီးသီးမှ အကြံပြုချက်များ ပေးအပ်နိုင်ရန် ဖြစ်ပါသည်။ အဖွဲ့အနေဖြင့် အားလုံးသဘောတူသည့် အကြံပြုချက်များကို ပေးအပ်သွားရန်နှင့် မျှော်လင့်မထားဘဲ မတူကွဲပြားသည့် အမြင်များကို ကြိုဆို ရမည်ဖြစ်ပါသည်။

၁၂။     အထူးသဖြင့် အဖွဲ့ဝင်အများစု၏ ထောက်ခံမှုရရှိသော အကြံပြုချက်အားလုံးကို ကော်မရှင် ဥက္ကဋ္ဌမှ အလေးပေးစဉ်းစား ဆုံးဖြတ်ပေးရမည်။ သို့သော်လည်း မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ဥက္ကဋ္ဌ၏အဆုံးအဖြတ်ဖြင့်သာ ရှေ့ဆက်ဆောင်ရွက်ရမည်ဖြစ်ပြီး ဥက္ကဋ္ဌအနေဖြင့် အဖွဲ့ဝင်များမှ တင်ပြသည့် အကြံပြုချက်များကို လက်မခံကြောင်း ဆုံးဖြတ်သည့်အခါတွင် မည်သည့်အတွက် ကြောင့် လက်မခံသည်ကို ရှင်းလင်းပေးရမည်ဖြစ်ပါသည်။

၁၃။    ယေဘုယျအားဖြင့် အဖွဲ့၏ဆွေးနွေးချက်များကို Chatham House rule အပေါ် အခြေခံ ဆွေးနွေးသွားမည်ဖြစ်ပါသည်။ (အစည်းအဝေးအတွင်းထုတ်ဖေါ်လိုက်သည့် အခြေခံသတင်းအချက် အလက်များကို အစီရင်ခံနိုင်သော်လည်း အဆိုပါသတင်းအရင်းအမြစ်များကို ဖေါ်ထုတ်၍ မရနိုင်ပါ)။ သို့သော် အဖွဲ့ဝင်များသည် ၎င်းတို့ဆွေးနွေးသည့် သတင်းအချက်အလက်နှင့် ဝေဖန်အကြံပြုချက် များကို ထုတ်ဖော်ပြောခွင့်မပြုလိုပါက (ပြင်ပသို့) ထုတ်ဖော်ပြောကြားခြင်းမပြုပါရန် ကြိုတင်တား မြစ်ထားနိုင်သလို သို့တည်းမဟုတ်  လွတ်လပ်စွာမျှဝေခွင့် ပေးလိုပါကလည်း မျှဝေခွင့်ပြုနိုင်သည်။

၁၄။    ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ တရားဝင်အစည်းအဝေးမှတ်တမ်း ထားရှိမည်မဟုတ်ပါ။ သို့သော် ဆွေးနွေးမှုတွင် ရရှိသည့်မေးမြန်းချက်များနှင့် အကြုံပြုချက်စာရင်းကို အလွတ်သဘော စေတနာဖြင့် အကြံပေးရေးအဖွဲ့ (Voluntary Advisory Group – VAG) ၏ ဥက္ကဋ္ဌ နှင့် ရုံးအဖွဲ့တို့က ကော်မရှင်ဥက္ကဌမှ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်သို့ တင်ပြနိုင်သည်။

၁၅။    မည့်သည့်အဖွဲ့ဝင်မဆို အဂတိလိုက်စားမှုကိစ္စများကို ကော်မရှင်နှင့်အတူ ဖော်ထုတ်လိုပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေအရ ကော်မရှင်၏ တရားဝင် channel များမှတဆင့် ဖေါ်ထုတ် သင့်သည်။

၁၆။    ကော်မရှင်ဥက္ကဋ္ဌ (သို့မဟုတ်) ကော်မရှင် အဖွဲ့ဝင်များသည် သီးခြားမေးမြန်းချက်များနှင့် အကြံဉာဏ်များအတွက် အဖွဲ့ဝင်အသီးသီး (တစ်ဦးတစ်ယောက်ချင်းစီတိုင်း)ထံသို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

၁၇။    အဖွဲ့ဝင်များအနေဖြင့် အစည်းအဝေးပြင်ပ၌လည်း ကော်မရှင်နှင့် သတင်းအချက်အလက် များကို မျှဝေနိုင်ပါသည်။ သို့သော် အခြားအဖွဲ့ဝင်များအားလည်း အသိပေးရန် တိုက်တွန်းလိုပါသည်။

အစည်းအဝေးကျင်းပခြင်း

၁၈။    အဖွဲ့အနေဖြင့် ဖြစ်နိုင်ပါက နှစ်လတစ်ကြိမ် ရန်ကုန်၌တွေ့ဆုံနိုင်ရန် မျှော်လင့်ပါသည်။ ကော်မရှင် ဥက္ကဋ္ဌမှ အစည်းအဝေးတက်ရောက်ရေးအတွက် စဉ်းစားဆုံးဖြတ်နိုင်ရန် အစည်းအဝေးကျင်းပမည့် ရက်ကို ရက်သတ္တပတ်နှစ်ပတ်ကြိုတင်၍ သတ်မှတ်နိုင်ရန် ဆောင်ရွက်ရမည်။ အရေးကြီးအကြံပြုချက် များရရှိရန် လိုအပ်လာသည့်အခါ ကော်မရှင်ဥက္ကဋ္ဌမှ အရေးပေါ်အစည်းအဝေးကျင်းပရန် စီစဉ်နိုင် ပါသည်။

၁၉။    အဖွဲ့၏လုပ်ငန်းသုံးဘာသာစကားတွင် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာကို အသုံးပြု မည်ဖြစ်ရာ အဖွဲ့ဝင်များသည် ယင်းဘာသာစကား ၂ မျိုးအနက် မိမိအဆင်ပြေမည့် ဘာသာစကား အား အသုံးပြုနိုင်မည်ဖြစ်ပြီး သင့်လျော်သလို ဘာသာပြန်ပေးမည်ဖြစ်သည်။

၂၀။     အစည်းအဝေးအစီအစဉ်ပါ ဆွေးနွေးရမည့်အချက်များနှင့်ပတ်သက်၍ အထောက်အကူပြုနိုင် ရေးအတွက် အဖွဲ့အနေဖြင့် ၄င်းတို့အဖွဲ့ဝင်များထဲမှ ဥက္ကဋ္ဌတစ်ဦးကို ရွေးချယ်ပေးရမည်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ရန်ကုန်)ရုံးခွဲသည် အဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

        

 

ဆက်စပ် သတင်းများ