မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နှင့် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
- Sat, 8 June 2019
နေပြည်တော် ဇွန်လ( ၈ )ရက်
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေအတွင်းရှိ သရက္ကန်ကျေးရွာ တွင် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေနှင့်ဆန့်ကျင်၍ ရေနံထုတ်လုပ်ခြင်းနှင့် ရေနံ တူးဖော်ခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ ရေနံတူးဖော်နေသူများ၊ ပေါက်မြို့နယ်မှ မုံရွာမြို့နယ်သို့ သယ်ယူပို့ဆောင်ခွင့် မျှောစာမရှိဘဲ တရားမဝင် ရေနံတူးဖော်/ သယ်ဆောင်နေသူများထံမှ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ငွေကြေးကောက်ခံရယူခဲ့သည့် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် သရက္ကန်၊ လယ်အို၊ လက်ပံတို ဒေသများရှိ တရားမဝင် ရေနံချက်ဖိုများမှ ငွေကြေးကောက်ခံရန် တရားမဝင် ညှိနှိုင်း ဆွေးနွေးခြင်း၊ သရက္ကန်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေမှ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းသည် ငွေကျပ် ၈,၈၅၀,၀၀ဝိ/ကိုလည်းကောင်း၊ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး) သည် ငွေကျပ် ၁,၇၆၀,၀၀ဝိ/- ကိုလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦး သည် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်စဉ် ငွေကျပ် ၇၇,၁၄၉,၈၀ဝိ/- ကို လည်းကောင်း၊ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော်(ယခု မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်)သည် ငွေကျပ် ၄၅၀,၀၀ဝိ/- ကိုလည်းကောင်း အကြိမ်ကြိမ်ခွဲ၍ ရယူခဲ့ခြင်း သည် လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ တံစိုးလက်ဆောင်အဖြစ် ငွေကြေးများ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးနှင့် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့မရဲစခန်းတွင် ၇-၆-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။