အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)နည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၁၉)သင်တန်းဖွင့်လှစ်
- Tue, 5 February 2019
နေပြည်တော်၊ ဖေဖော်ဝါရီလ ၅ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ ဖိတ်ကြားထားသူများ၊ ပြည်တွင်ပြည်ပသတင်းမီဒီယာများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က အဂတိလိုက်စားခြင်းသည် ကိုယ်ကျင့်တရားပျက်ပြားခြင်းဖြစ်သည့်အပြင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောပြစ်မှုကို ကျူးလွန်ခြင်းလည်းဖြစ်သည့်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဂုဏ်သိက္ခာနှင့် လူထု၏ယုံကြည်မှုကို ကျဆင်းစေနိုင်သည်ဆိုသည့်အချက်ကို မည်သူကမျှ မငြင်းနိုင်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနအချို့တွင် ယခုဖွဲ့စည်းမည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များ၏ လုပ်ငန်းတာဝန်သည် ဌာနဆိုင်ရာဝန်ထမ်းများ၏ ဂုဏ်သိက္ခာနှင့် လူထု၏ယုံကြည်မှုတို့ကို ပြန်လည်မြင့်မားလာအောင် ဆယ်တင်ပေးနိုင်သည်ဖြစ်၍ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အလွန်အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ၏ ဂုဏ်သိက္ခာနှင့် လာဘ်ငွေ၊ လူထု၏ ယုံကြည်မှုနှင့်တစ်ဦးတစ်ဖွဲ့အတွက် တစ်ကိုယ်ကောင်းဆန်သော အဆင်ပြေသက်သာမှု၊ အများပြည်သူအကျိုးစီးပွားနှင့် ပုဂ္ဂလိကအကျိုးစီးပွားတို့တွင် မည်သည့်အရာကို ရွေးချယ်ကြမည်နည်းဟူသော မေးခွန်းသည် မိမိတို့၏ တန်ဖိုးထားမှုများကို ကောင်း၏ မကောင်း၏၊ မှန်၏ မမှန်၏ သေချာစွာ အကဲဖြတ်ပေးနိုင်ပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတို့၏ ဂုဏ်သိက္ခာ၊ လူထု၏ယုံကြည်မှုနှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုသာ ဦးစားပေးကြမည်ဆိုလျှင် မိမိတို့ကိုယ်တိုင် မည်သည့်နည်းနှင့်မျှ အဂတိ လိုက်စားမှု မဖြစ်နိုင်ပါကြောင်း၊ ဝန်ထမ်းများ အဂတိလိုက်စားမှု ကင်းရှင်းလာစေရေးအတွက် သက်ဆိုင်သူများကို ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်သော နည်းပညာဖြင့်ပြုပြင်ပြောင်းလဲပေးနိုင်သည့် CPU လုပ်ငန်းစဉ်တွင် ပိုမိုတက်ကြွစွ ာပူးပေါင်းပါဝင်လာကြမည် ဖြစ်ပါကြောင်း။
ကော်မရှင်အနေဖြင့် ဝန်ထမ်းများအတွင်း၌သာမက လူ့ဘောင်အဖွဲ့အစည်း အစိတ်အပိုင်းအသီးသီးတွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တန်ဖိုးထားလွဲမှားမှုများရှိနေသေးခြင်းကို ကောင်းစွာ နားလည်သဘောပေါက်ပါကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှ ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူပြည်သားများ၏ တန်ဖိုးထားမှု စံနှုန်းများနှင့် တန်းတူညီတူ မဖြစ်နိုင်သေးသည်ကို ကောင်းစွာ နားလည်လက်ခံနိုင်ရမည် ဖြစ်ပါကြောင်း၊ ကော်မရှင်သည် လုပ်ပိုင်ခွင့်များကို ချိန်ချိန်ဆဆ ကျင့်သုံးသည့် အနေဖြင့် ပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ခြင်းဟူသည့် လုပ်ငန်းအဆင့်ဆင့်ကို နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားကိုမျှော်မှန်းကာ မူလတန်းအရွယ် ပညာပေးခြင်းလုပ်ငန်းမှ စတင်၍ စီမံကိန်းများ ချမှတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ အဂတိလိုက်စားမှု တားဆီ ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၁၆(ဋ) နှင့်အညီ ဖြစ်သည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်မှာ ဝန်ထမ်းများအား အဂတိလိုက်စားသော ပြစ်မှုကျူးလွန်ပြီးမှ အရေးယူရခြင်းသည် ကျူးလွန်ခဲ့သူများ၌ ကြီးမားသော ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဖြစ်စေနိုင်သကဲ့သို့ တာဝန်ရှိသူများအနေဖြင့်လည်း တာဝန်ယူမှု အားနည်းချက်ရှိခြင်း၊ တစ်နည်းအားဖြင့် တာဝန်မကင်းဟု မှတ်ယူနိုင်ပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားသော ပြစ်မှုလုံးဝမကျုးလွန်မိစေရန် ဌာနများ၌ အဂတိလိုက်စားမှုပြဿနာ ပေါ်ပေါက်နိုင်သော အခြေအနေများကို ကြိုတင်စိစစ် ဖော်ထုတ်ရန်၊ တွေ့ရှိလာသော ပြဿနာကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းရန် သို့မဟုတ် အရေးယူဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များတွင် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေများ ရှိ / မရှိ ဆန်းစစ်အကဲဖြတ်ချက် (Corruption Risk Assessment- CRA) ပြုလုပ်ပြီး စနစ်တကျ ပိတ်ဆို့ထိန်းချုပ်ခြင်းဖြင့် ဝန်ထမ်းများအား အနာဂတ်ကာလတွင်ပါ အဂတိလိုက်စားမှုများ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်သွားရန် ဖြစ်ပါကြောင်း။
CPU စီမံချက်သည် တစ်ဘက်တွင် ဝန်ထမ်းများအတွင်း အဂတိကင်းရှင်းစေရန် ရည်ရွယ်ထားသကဲ့သို့ အခြားတစ်ဘက်တွင်လည်း ဌာနဆိုင်ရာများနှင့် ပြည်သူလူထုအကြား အောက်ခြေအဆင့်တွင် ဖြစ်ပွားနေသော အသေးစားအဂတိလိုက်စားမှု(Petty Corruption) အများအပြားကို တချိန်တည်း တပြိုင်တည်း ဟန်ချက်ညီညီတိုက်ဖျက်ရာတွင် ထိရောက်မှုရှိစေရန် ဖြစ်ပါကြောင်း၊ အကြီးစားအဂတိလိုက်စားမှုများ (Grand Corruption) ၏ ပင်ရင်းဗဟိုချက် တစ်ခုဖြစ်သော နိုင်ငံတော်၏ ဝယ်ယူရေး လုပ်ငန်းများ အပါအဝင်ဖြစ်သည့် တင်ဒါလုပ်ငန်းစဉ်များတွင် အဂတိလိုက်စားမှုမျာ းမဖြစ်ပွားစေရေးအတွက် ထိရောက်စွာ တားဆီးကာကွယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါကြောင်း။
အဂတိလိုက်စားမှုများကို တပြိုင်နက် တိုက်ဖျက်နိုင်ရန် ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသော အစုအဖွဲ့များ (Integrity Pact) ဖြစ်ပေါ်လာစေရေးအတွက် အစိုးရ ဌာနများနည်းတူ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက် အဖွဲ့အစည်းများပါ ကိုယ်စီကျင့်ဝတ်များ စောင့်ထိန်းလိုက်နာကြစေရေးကိုလည်း တိုက်တွန်းဆောင်ရွက်လျှက်ရှိရာ နှစ်အနည်းငယ်အတွင်း အဂတိလိုက်စားမှုများ ကျဆင်းလာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကော်မရှင်သို့ ရောက်ရှိလာသည့် တိုင်ကြားချက်များကို ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်ရန် ၂၀၁၉ ခုနှစ် လုပ်ငန်းစီမံချက်တွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကော်မရှင်က အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေစဉ် ရှေ့ပြေးစီမံကိန်းအရ ပြည်ထောင်စုဝန်ကြီးဌာန (၁၄) ခုတွင် CPU အဖွဲ့များ ဖွဲ့စည်းပြီး သတ်မှတ်ပေးထားသော ရည်ရွယ်ချက်များအတိုင်း ထိရောက်အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်လာခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ပြင်းပြသော နိုင်ငံရေးခံယူချက် တက်ညီလက်ညီ အကောင်အထည်ဖော် ဖြည့်ဆည်းပေးသွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် Deputy Country Director ၊ Ms . Dawn Del Rio က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ နည်းပညာဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
အဆိုပါသင်တန်းကို ၅-၂-၂၀၁၉ မှ ၇-၂-၂၀၁၉ ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းတွင် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ UNDP မှ ကျွမ်းကျင်ပညာရှင်များက အဂတိလိုက်စားမှု၏ သဘောတရားနှင့် ယင်း၏အကျိုးသက်ရောက်မှုများ၊ ကော်မရှင် ကျင့်ဝတ်၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်၊ ကာကွယ်ရေး စီမံချက်ရေးဆွဲခြင်း၊ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ တိုင်ကြားစာများအပေါ် အရေးယူဆောင်ရွက်ပုံအဆင့်ဆင့် တိုင်ကြားစာနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်းနှင့် သတင်းပို့ခြင်း၊ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေဖြင့် ဌာနဆိုင်ရာ အရေးယူခြင်း၊ Korea’s Approach to Corruption in the Public sector ၊ Introducing the CRA Methodology ၊ Training for CPU Officials ; Step by Step approaches for Anti-Corruption ၊ Contextualizing the CRA Criteria in Myanmar ၊ Global experience of CPU ဘာသာရပ်ဆိုင်ရာများကို သင်ကြားပို့ချမည် ဖြစ်သည်။
ယခုသင်တန်းသို့ ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်းရန် ရှေ့ပြေးစီမံကိန်း၌ ပါဝင်ဆောင်ရွက်ကြမည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ အဆင့်မြင့် အရာထမ်းသင်တန်းသား (၁၁၄) ဦးနှင့် ကော်မရှင်ရုံးမှ သင်တန်းသား (၁၈) ဦး၊ စုစုပေါင်း သင်တန်းသား (၁၃၂) ဦး တက်ရောက်ကြပါသည်။