အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ ဒိန်းမတ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ညီလာခံနှင့် အစည်းအဝေးများ တက်ရောက်ရာမှ ပြန်လည်ရောက်ရှိ
- Sun, 28 October 2018
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဒိန်းမတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံနှင့် အစည်းအဝေးများ တက်ရောက်ရန်အတွက် ၂၁-၁၀-၂၀၁၈ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၊ Bella Center တွင် ဒိန်းမတ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့(Transparency International)တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၁၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးညီလာခံ (18th International Anti-Corruption Conference)သို့ ၂၂-၁၀-၂၀၁၈ ရက်နေ့မှ ၂၄-၁၀-၂၀၁၈ ရက်နေ့ထိ တက်ရောက်ခဲ့သည်။
အဆိုပါ ညီလာခံကို ဖွံဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုဘဝလုံခြုံရေးအတွက် နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း အသိပေးနှိုးဆော်သည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပြီး နိုင်ငံ ၁၄၄ နိုင်ငံမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေသည့် အစိုးရ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၈၀၀ ကျော် တက်ရောက်ခဲ့သည်။
အဆိုပါညီလာခံမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းသည် ခိုင်မာသည့် ကမ္ဘာလုံးဆိုင်ရာအင်အားတစ်ရပ်ဖြစ်လာပြီး မည်သည့် အဂတိလိုက်စားမှုကိုမျှ ဆိတ်ဆိတ်နေမည် မဟုတ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွင် ပုဂ္ဂလိကအခန်းကဏ္ဍသည်လည်း အရေးပါပြီး တက်ကြွစွာပါဝင်လှုပ်ရှားနေကြောင်း၊ စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း အဂတိလိုက်စားမှုကို လုံးဝသည်းမခံ ခွင့်မလွှတ်သည့် Zero Tolerance Policy ကို ကျင့်သုံးရန် တိုက်တွန်းနှိုးဆော်ကြောင်း အပါအဝင် အချက် ၁၁ ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌသည် ညီလာခံတက်ရောက်စဉ်ကာလအတွင်း ထိုင်းနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက် ရေးအမျိုးသားကော်မရှင်၊ အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့မှ ဥက္ကဋ္ဌများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကိုပင်ဟေဂင်မြို့ Eigtveds Pakhus Building တွင် ဒိန်းမတ် အစိုးရ၊ ကမ္ဘာ့ဘဏ် နှင့် အဂတိလိုက်စားမှုရှာဖွေတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် အဂတိလိုက်စားမှုရှာဖွေတိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့ (International Corruption Hunters Alliance)၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးသို့ ၂၅-၁၀-၂၀၁၈ ရက်နေ့မှ ၂၆-၁၀-၂၀၁၈ ရက်နေ့ထိ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးကို အဂတိ လိုက်စားမှုတိုက်ဖျက်ရာတွင် မဟာမိတ်အဖွဲ့များဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်သွားရေး အသိပေး နှိုးဆော်သည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်နေသူ ၂၀၀ ဦးခန့်တက်ရောက်ခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌသည် အစည်းအဝေး တက်ရောက်စဉ်ကာလအတွင်း ဒိန်းမတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှ၊ လက်တင်အမေရိကနှင့် အိုးရှန်းနီးယားဌာနဆိုင်ရာ အကြီးအကဲ သံအမတ်ကြီး Mr. Erik Laursen နှင့် ၂၅-၁၀-၂၀၁၈ ရက်နေ့က တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအခြေအနေများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ၂၇-၁၀-၂၀၁၈ ရက်နေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။