ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကန်ဘဲ့ နယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ်အောင်နိုင်ဦး (လ/၂၁၃၁၉၆)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Tue, 29 January 2019

နေပြည်တော် ဇန်နဝါရီလ(     ၂၉    )ရက်

        

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နေ နစ်နာသူ လယ်သမားများက လယ်ထွန်ရန်အတွက် လိုအပ်သော ကျွဲ(၅)ကောင်ကို စာချုပ်စာတမ်းနှင့် ဝယ်ယူခဲ့ပြီး စက်လှေဖြင့် သယ်ဆောင်လာစဉ် လပွတ္တာမြို့နယ်၊ ကန်ဘဲ့ နယ်မြေရဲစခန်းမှ အမှုဆင် ဖမ်းဆီး တရားစွဲ၍ ငွေကြေးတောင်းခံ ခဲ့ခြင်းနှင့် တရားရုံး သက်သေခံဖြစ်သော ကျွဲများကို ရောင်းစားခဲ့သည့်အတွက် အရေးယူ ပေးပါရန် ဤကော်မရှင်သို့ တိုင်ကြား ခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကန်ဘဲ့နယ်မြေ ရဲစခန်းမှ အမှုစစ် ဒုရဲအုပ်အောင်နိုင်ဦး (လ/၂၁၃၁၉၆)သည် တရားခံ၏ဇနီးထံမှ အမှုကိစ္စ ညှိနှိုင်းရန် ငွေ ကျပ်(၅)သိန်းနှင့် တရားခံများ အာမခံရရှိရေးအတွက် ငွေကျပ်(၅)သိန်း တို့ကို တောင်းခံ ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ မြို့နယ်၊ ကန်ဘဲ့နယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ်အောင်နိုင်ဦး (လ/၂၁၃၁၉၆)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ကန်ဘဲ့နယ်မြေရဲစခန်းတွင်          ၂၈-၁-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ