အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ စင်ကာပူနိုင်ငံတွင် အစည်းအဝေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း
- Tue, 30 October 2018
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် စင်ကာပူနိုင်ငံတွင် ၂၉-၁၀-၂၀၁၈ ရက်နေ့မှ ၃၁-၁၀-၂၀၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် ၁၄ ကြိမ်မြောက် အရှေ့တောင်အာရှအဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့(SEA-PAC)၏ အကြီးအမှူးများ အစည်းအဝေးနှင့် Applying Innovative Tools in the Fight Against Corruption ဒေသဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ၂၈-၁၀-၂၀၁၈ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာ ခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ၃၀-၁၀-၂၀၁၈ရက်နေ့မှ ၃၁-၁၀-၂၀၁၈ ရက်နေ့ထိ စင်ကာပူနိုင်ငံ အဂတိလိုက်စားမှုအလေ့အကျင့်များ စုံစမ်းရေးဗျုရို (CPIB) က သဘာပတိအဖြစ် တာဝန်ယူ ကျင်းပသည့် ၁၄ ကြိမ်မြောက် SEA-PAC ၏ အကြီးအမှူးများ အစည်းအဝေးသို့ တက်ရောက် ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်း များမှ ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းများ အပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် နိုင်ငံအလိုက်ဆွေးနွေးမှုများ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် သည် ''အဂတိလိုက်စားမှုများကို လုံးဝခွင့်လွှတ်ခြင်းမပြုသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်ရေး အတွက် ပါဝင် သက်ဆိုင်သူများနှင့်အတူ လက်တွဲဆောင်ရွက်ရေး''ခေါင်းစဉ်အပေါ် ဆွေးနွေး ခဲ့ပါသည်။
အစည်းအဝေးတွင် SEA-PAC ရှေ့လုပ်ငန်းအစီအစဉ် (၂၀၁၇-၂၀၁၉ )၊ SEA-PAC အဖွဲ့ဝင် နိုင်ငံများ၏ စွမ်းဆောင်ရည်မြင့်မားရေးအစီအစဉ်များ ပိုမိုဆောင်ရွက်နိုင်ရေးနှင့် လက်ရှိ SEA-PAC အဖွဲ့၏ အခေါ်အဝေါ်ကို အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့သို့ ပြောင်းလဲ ခေါ်ဆို သင့်/မသင့် အဆိုပြုချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါသည်။
SEA-PAC အစည်းအဝေးမတိုင်မီ၂၉-၁၀-၂၀၁၈ ရက်နေ့တွင် စင်ကာပူနိုင်ငံ အဂတိလိုက်စားမှု အလေ့အကျင့်များ စုံစမ်းရေးဗျုရို ( CPIB )နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး ( UNODC ) တို့ပူးပေါင်းကျင်းပသည့် Applying Innovative Tools in the Fight Against Corruption ဒေသဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ SEA-PAC အဖွဲ့ဝင်နိုင်ငံများ တက်ရောက် ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးကို ပိုမို ထိရောက်စွာ ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှုများကို သတင်းပို့တိုင်ကြားရာ၌ မိုဘိုင်းနည်းပညာနှင့် အွန်လိုင်းဆက်သွယ်ရေးစနစ် အသုံးပြု တိုင်ကြား ခြင်း၏ အကျိုးကျေးဇူးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ဒစ်ဂျစ်တယ်အချက်အလက် များ အသုံးချမှုနှင့် ပွင့်လင်းမြင်သာသည့်အချက်အလက်များ ရရှိနိုင်မှု၏အခန်းကဏ္ဍနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ရာ၌ အသုံးပြုနိုင်သည့် နည်းပညာတို့၏ အခန်း ကဏ္ဍခေါင်းစဉ်များကိုဆွေးနွေးခဲ့ပါသည်။
ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ၁-၁၁-၂၀၁၈ ရက်နေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။