"တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ" ခေါင်းစဉ်ဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ ပဲခူးမြို့၌ ကျင်းပ
- Thu, 17 January 2019
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ နည်းပညာအကူအညီဖြင့် "တာဝန်ယူ မှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ" ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲ၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကောင်းမွန်သော အစိုးရအုပ်ချုပ်မှုစနစ်ကို ထူထောင်ဆောင်ရွက်ရာတွင် ပြည်သူများက ယုံကြည်အားကိုးရတဲ့ အစိုးရအဖွဲ့အစည်းဖြစ်အောင် အားလုံးပြောင်းလဲရန်လိုကြောင်း၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုကင်းရှင်းရေး အရေးပါလှကြောင်း၊ အဂတိတရား (၄)ပါး ကင်းရှင်းရေးအတွက် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ လုပ်ထုံး လုပ်နည်း များနှင့်အညီ စေတနာထားဆောင်ရွက်ရန်နှင့် မိမိတို့ စောင့်ထိန်းကြရမည့် ဝန်ထမ်းကျင့်ဝတ်၊ မိမိတို့ဌာန၏ ဂုဏ်သိက္ခာကို စောင့်ထိန်းရန်အရေးကြီးကြောင်း၊ ယနေ့ခေတ်တွင် အဂတိ လိုက်စားမှုသည် အခြားမှုခင်းများနှင့် ဆက်စပ်နေသောကြောင့် နိုင်ငံတစ်ခု၊ ဒေသတစ်ခု၏ ပြဿနာမဟုတ်ဘဲ တစ်ကမ္ဘာလုံးနှင့် ဆိုင်သော ပြဿနာဖြစ်၍ နိုင်ငံအားလုံးမှ အလေးထား ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က နိုင်ငံတော် သမ္မတ ပြောကြားသည့် လမ်းညွှန်ချက်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကော်မရှင်က ထိထိရောက်ရောက် ဆောင်ရွက်နေနိုင်ခြင်းသည် နိုင်ငံတော်နှင့်ပြည်သူလူထု တစ်ရပ်လုံးအတွက် ရတောင့်ရခဲအခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ ဆယ်စုနှစ်များစွာ လွှမ်းမိုး ကြီးထွားခဲ့သော အဂတိ လိုက်စားမှုစနစ်ဆိုးသည် နိုင်ငံ၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှု ဘဝကြီးတစ်ခုလုံးကို အကြီးအကျယ် ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံးစေခဲ့သည်ကို လူတိုင်းသိရှိနားလည်ထားကြပြီးဖြစ်ကြောင်း၊ အဂတိလိုက်စားခြင်း သည် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းဖြစ်သည့်အတွက် ဆယ်စုနှစ်များစွာ ကိုယ်ကျင့်တရား ပျက်ယွင်းနေခဲ့သော လူမှုယဉ်ကျေးမှု ပတ်ဝန်းကျင်အတွင်းမှာ ရှင်သန်ခဲ့ရသည့် နိုင်ငံ တော်သူ နိုင်ငံတော်သားများ၏ ဂုဏ်သိက္ခာသည်လည်း များစွာထိခိုက် ကျဆင်းခဲ့ရကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ် အဖြစ်သော်လည်းကောင်း၊ သန့်ရှင်း သောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ထွန်းလာစေရေး အတွက်သော် လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ပြင်းပြသောနိုင်ငံရေးဆန္ဒနှင့်အညီ ပြုပြင် ပြောင်းလဲရေး အကောင်အထည်ဖော်ဆောင်မှုတစ်ရပ် အနေနှင့်သော်လည်းကောင်း၊ ကော်မရှင်က ဦးဆောင်ပြီး အဂတိလိုက်စားမှုများကို တိုက်ဖျက်နေခြင်းသည် မည်သူ့အတွက်မျှ ခြိမ်းခြောက်မှု မဖြစ်စေချင်ပါကြောင်းနှင့် အစိုးရဌာန အဖွဲ့အစည်းများအပါအဝင် အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ မီဒီယာများနှင့် ပြည်သူ လူထုကြီးတစ်ရပ်လုံး ဂုဏ်သိက္ခာ ပြန်လည်မြင့်မားလာရေးအတွက် လက်လွတ် မခံသင့်သည့် အခွင့်အရေးတစ်ရပ်သာဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ခြင်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်နှင့် လွတ်လပ်၍ ဖွံ့ဖြိုးတိုးတက်သော လူနေမှုဘဝတို့အတွက် အခြေခံ လိုအပ်သည့် ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူမှု၊ ပွင့်လင်း မြင်သာမှု၊ မျှတမှုနှင့် အားလုံးပါဝင်နိုင်မှု စသော တန်ဖိုးထားအပ်သည့် ကောင်းမွန်သော ကိုယ်ကျင့်တရားများကို နိုင်ငံသူနိုင်ငံသားများအတွင်း ပိုမိုဖြစ်ထွန်းလာစေရန် ပြုပြင် ပြောင်းလဲမှုတစ်ရပ်ကို ဖော်ဆောင်ပေးနေခြင်းဖြစ်ကြောင်း၊ လာဘ်ပေး လာဘ်ယူခြင်း၊ ခြောက်လှန့်တောင်းခံခြင်း၊ ရုံးဌာနများတွင် ပုံစံအမျိုးမျိုးဖြင့် ငွေကြေးပေးရခြင်း၊ တံစိုး လက်ဆောင်ပေးခြင်းယူခြင်း၊ တရားမဝင်ဂိတ်ကြေးပေးရခြင်း၊ ဘက်လိုက်ခြင်း၊ မျက်နှာသာ ပေးခြင်း၊ ဆရာမွေးတပည့်မွေးခြင်း၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေနှင့် မြေယာအဆောက်အအုံ အပါအဝင် အများပြည်သူ ပိုင်ဆိုင်မှုများကို အလွဲသုံးစားပြုခြင်း၊ (သို့မဟုတ်) ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်း၊ အများပြည်သူဆိုင်ရာ ရုံးဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်ပြီး အများ ပြည်သူအကျိုးစီးပွားကို လျစ်လျူရှု၍ ပုဂ္ဂလိကအကျိုးစီးပွားများသာပြုလုပ်ခြင်း၊ အဖြစ်မှန် ကိုဖုံးကွယ်၍ မှားယွင်းသော အုပ်ချုပ်ရေး စနစ်ကို အကာအကွယ်ပြုပေးခြင်း၊ ပြည်သူက ပေးအပ်ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ စသည့် အဂတိလိုက်စားမှုများကို ကော်မရှင်က တိုက်ဖျက်ရခြင်းသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့်အညီ ကောင်းမွန်သော ကိုယ်ကျင့်တရားများ ဖွံ့ဖြိုးအားကောင်းလာစေရန်အတွက်သာ ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက် တစ်ဖွဲ့ကို ထိခိုက်နစ်နာစေရန် ဆန္ဒဂါမိ ဆန္ဒဂတိနောက်သို့ လိုက်ပါခြင်း မရှိပါကြောင်း၊ အစိုးရဌာနများအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့်သာ အများဆုံး ဆက်စပ်လုပ်ကိုင်ရသော ကမ္ဘာ့ဘဏ်အုပ်စု၏ အဂတိလိုက်စားမှု (Corruption) အနက်အဓိပ္ပါယ် ဖွင့်ဆိုမှုမှာ “အဂတိလိုက်စားမှုဆိုသည်မှာ ပုဂ္ဂလိကအကျိုးစီးပွားအလို့ဌာ အများပြည်သူဆိုင်ရာ ရုံးဌာနတစ်ခုကို အလွဲသုံးစားပြုခြင်း” ဟု ဖော်ပြထားကြောင်း၊ အများပြည်သူ၏ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ထားသော အများပြည်သူက ပိုင်ဆိုင် သောရုံးဌာနတစ်ခုတွင် အများပြည်သူကပေးအပ်ထားသော လစာနှင့်ခံစားခွင့်များကို ရယူ ခံစားလျက်၊အများပြည်သူက တာဝန်အပ်နှင်းထားသဖြင့် လုပ်ပိုင်ခွင့်အာဏာရှိနေသော ပုဂ္ဂိုလ်တစ်ယောက်သည် အများပြည်သူလူထု၏ အကျိုးစီးပွားအတွက်သာလျှင် အပြည့်အဝ ဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း၊ ရာထူးဌာနကိုအသုံးပြု၍ ပုဂ္ဂလိကထံမှ ငွေကြေး ကောက်ခံခြင်း သို့မဟုတ် အခြားနည်းဖြင့် ပုဂ္ဂလိကအကျိုးစီးပွားကို မိမိအတွက်နှင့် မိမိ အထက်အရာရှိအတွက် ရံဖန်ရံခါရှာဖွေပေးရသည်ဆိုလျှင်ပင် ထိုသူသာမက သူ၏အထက် အရာရှိကိုပါ အဂတိလိုက်စားမှု ပြစ်မှုကို ကျူးလွန်ရာရောက်နိုင်ကြောင်း၊ အထက်အရာရှိ များသည် မိမိကိုယ်တိုင် ကင်းရှင်းရသည့်အပြင် မိမိလက်အောက်မှပုဂ္ဂိုလ်များ အဂတိ လိုက်စားမှုမဖြစ်အောင် လုံလောက်သည့် ထိန်းကျောင်းမှုများပြုလုပ်ပေးရန် တာဝန်ရှိပါ ကြောင်း၊၄င်းမှာ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးနှင့်ပတ်သက်၍ အုပ်ချုပ်ရေး၌ တာဝန်ယူမှုရှိခြင်း၊ (Accountability in Administration) ပင်ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းကြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ (TI) က “အဂတိလိုက်စားမှုဆိုသည်မှာ ပုဂ္ဂလိက အကျိုးအမြတ် အလို့ငှာ ယုံကြည်အပ်နှံထားသောပါဝါကို အလွဲသုံးစားပြုခြင်း” ဟုဖော်ပြထားပါကြောင်း၊ စီးပွားရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်း၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့ အစည်း၊ အမွေဆက်ခံမှု၊ ထိမ်းမြားလက်ထပ်ခြင်း၊ ပညာသင်ကြားခွင့်၊ ရာထူးခန့်အပ်ခြင်း၊ ရွေးကောက်ပွဲအပါအဝင် ကျယ်ပြန့်စွာလွှမ်းခြုံမှုရှိသော ရှင်းလင်းချက် ဖြစ်ကြောင်း၊ အထူး တင်ပြလိုသည်မှာ အဂတိလိုက်စားမှုသည် အစိုးရထံမှ အဖွဲ့အစည်းများအပါအဝင်ဖြစ်သော အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများသာမက ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများ၊ အရပ် ဘက် အဖွဲ့အစည်းများနှင့်လည်း သက်ဆိုင်ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းလာလျှင် အရေးယူခြင်းခံရနိုင်သည် ဆိုသည့်အချက် ဖြစ်ကြောင်း၊ ဤသို့မဖြစ်စေရန် အကောင်းဆုံး လုပ်ဆောင်နိုင်သည့်နည်းလမ်းမှာ အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးအတွက် မိမိတို့ အဖွဲ့အစည်းအလိုက် ကျင့်ဝတ်များရေးဆွဲထားကြပြီး လိုက်နာ ကျင့်သုံးကြခြင်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကိုသာ ဥပဒေနှင့်အညီ ထုတ်ပြန်ဆောင်ရွက်နိုင်သည်ဖြစ်၍ စီးပွားရေး လုပ်ငန်းများ ကျင့်ဝတ်ရေးဆွဲရာတွင် လိုက်နာသင့်သည့်မူဘောင်ကို အမိန့်ကြော်ငြာ စာအမှတ် ၁၄/၂၀၁၈ ဖြင့် ထုတ်ပြန်ထားကြောင်း၊ ဤမူဘောင်သည် ပြည်တွင်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို အနာဂတ် ကာလတွင် နိုင်ငံတကာအဆင့်(ISO 37001) စံနှုန်းသို့ တက်လှမ်းနိုင်ရေး လွယ်ကူစေရန်ရည်မှန်းပြီး ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အခြားအဖွဲ့ အစည်းများကလည်း ဤမူဘောင်ကို နမူနာယူ၍ အဂတိလိုက်စားမှု တားဆီးကာကွယ် ရေး ကျင့်ဝတ်များရေးဆွဲပြီး လိုက်နာနိုင်ရန် အကြံပေးပြောကြားလိုကြောင်း၊ စီးပွားရေးလုပ်ငန်း များအနေဖြင့် ကော်မရှင်၏အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၈ မူဘောင်နှင့်အညီ ကျင့်ဝတ် များရေးဆွဲပြီး လိုက်နာကျင့်သုံးကြခြင်းသည် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ၌ တာဝန်ယူမှုရှိခြင်း (Accountability in Business) ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အုပ်ချုပ်ရေး အပိုင်းမှသော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းမှသော်လည်းကောင်း၊ တာဝန်ယူမှုမြှင့်တင် နိုင်ကြမည်ဆိုလျှင် နိုင်ငံ၏ အဂတိ လိုက်စားမှုအခြေအနေသည် အတိုင်းအတာတစ်ခုအထိ လျော့ကျလာသည်ကို ၂၀၁၉ ခုနှစ် အကုန်ပိုင်းမှ စတင်ပြီး တွေ့မြင်လာနိုင်ဖွယ်ရှိသည်ဟု ကော်မရှင်က မျှော်လင့်ထားပါကြောင်း၊ ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁)နှင့်အညီ ၂၀၁၉ ခုနှစ်အတွက် လုပ်ငန်းစီမံချက် (Action Plan) ကိုရေးဆွဲပြီး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်နှင့်အညီ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကာလ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော် တည်ဆောက်ရာတွင် အဓိကကျသည့် ခလုတ်ကန်သင်းတစ်ခု ဖြစ်နေသော အဂတိလိုက်စားမှုများကို ပိုမိုတိုက်ဖျက် သွားနိုင်မည် ဟုယုံကြည်ကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော တစ်နိုင်ငံလုံး ပျံ့နှံ့နေသည့် အဂတိလိုက်စားမှု (Systemic Corruption) တွင် အနည်းဆုံးအင်္ဂါရပ်သုံးခုရှိသည်ဟု လက်ခံသဘောတူထားကြကြောင်း၊ ထိုအင်္ဂါရပ်သုံးခုမှာ (၁) အစိုးရဌာနအဖွဲ့အစည်းများ အပါအဝင်ဖြစ်သော အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအတွင်းရှိ အရေးကြီးသော နေရာ များ၌ အဂတိလိုက်စားသူများ ရှိနေကြဆဲဖြစ်ခြင်း၊ (၂) ပြည်သူအများစုအနေဖြင့် အခြား ရွေးချယ်စရာ နည်းလမ်း မရှိသောကြောင့် လာဘ်ပေးလာဘ်ယူမှုကို လုပ်ရိုးလုပ်စဉ်ကဲ့သို့ လုပ်နေကြရခြင်း (၃)တာဝန်ရှိသူ များက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တာဝန်ယူမှု ရှိသင့်သလောက် မရှိကြခြင်းတို့ပဲ ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အင်စတီကျူးရှင်း ခေါင်းဆောင်များသည် မိမိတို့၏ သြဇာအာဏာများကို မဖြစ်မနေသုံးစွဲကြရန် လိုအပ်ပါကြောင်းကို ပထမအချက်အနေဖြင့်တင်ပြလိုကြောင်း၊ ဒုတိယအနေဖြင့် အဂတိလိုက်စားမှုအတွက် ကုန်ကျစရိတ် (Cost of Corruption) ကို အင်စတီကျူးရှင်းခေါင်းဆောင်များက မှန်ကန်စွာ တွက်ချက်နိုင်ရန်ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုအတွက် ကုန်ကျစရိတ်ကို ပေးသော/ယူသော လာဘ်ငွေ ပမာဏနှင့် မတိုင်းတာ သင့်ကြောင်း၊ လုပ်ပိုင်ခွင့်အာဏာရှိသူတစ်ဦးက လာဘ်ငွေ အနည်းငယ်မျှရယူပြီး တရားမဝင် သောကိစ္စတစ်ခုတွင် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် မည်မျှထိခိုက် နစ်နာဆုံးရှုံး သွားစေခဲ့သလဲ ဆိုသောအချက်နှင့်သာ တိုင်းတာသင့်ပါကြောင်း၊ ထိုသို့ တိုင်းတာမည် ဆိုပါက နိုင်ငံသူနိုင်ငံသားတို့၏အသက်များ၊ ဘဝများ၊ အခွင့်အရေးများ၊ နိုင်ငံ့သယံဇာတ များ၊ သမိုင်းအမွေအနှစ်များသာမက နိုင်ငံ့ရင်သွေး၊ ကလေးသူငယ် တချို့၏ အနာဂတ် အလားအလာများပါ ပျောက်ဆုံးကုန်ကြရသည့်အဖြစ်များကို တွေ့မြင်ခံစားနိုင်ကြရလိမ့်မည် ဟုယူဆကြောင်း၊ သို့ဖြစ်ပါ၍ အင်စတီကျူးရှင်းခေါင်းဆောင်များသည် အခွင့်အခါကောင်း နှင့် ကြုံကြိုက်လျှက် မိမိတို့ လက်ဝယ်ရရှိထားသည့် လုပ်ပိုင်ခွင့်နှင့်တာဝန်များကို နှောင့်နှေး တွေဝေနေခြင်းမရှိဘဲ နိုင်ငံတော်အစိုးရ၏ ပြင်းပြသော နိုင်ငံရေးဆန္ဒနှင့်အညီ အဂတိ လိုက်စားမှုများကို တားဆီး ကာကွယ်ရန်အတွက် မိမိတို့၏တာဝန်ယူမှုများကို အစွမ်းကုန် မြှင့်တင်ပေးကြပါဟု ပြောကြား ခဲ့ပါသည်။
ယင်းနောက် စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က အပြန်အလှန် တာဝန်ယူမှုခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရ အဖွဲ့အစည်း၊ ပုဂ္ဂလိကအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်း (၃)ခုမှ အပြန်အလှန် ဟန်ချက်ညီသော မူဝါဒ များချမှတ်နိုင်ရန် ၊ တိုင်းဒေသကြီး၏ Action Plan ရေးဆွဲရန် တို့ကို အကြံပြု ရှင်းလင်း ပြောကြား ခဲ့ပါသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့်ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့သည် တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့် က“ကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ဆောင်ရွက်မှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးညွန့်ရွှေနှင့် ဒေါက်တာ တင်မောင်သန်း(သင့်ဘဝ) တို့က “ တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ် ဦးအောင်စိုးက“ စီးပွားရေးလုပ်ငန်းများအတွက် တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် ဒေါ်အိအိတင်က “တာဝန်ယူမှု ရှိသော သတင်းမီဒီယာကဏ္ဍ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ UMFCCI အဖွဲ့မှ တွဲဖက်အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ် နှင့် MCRB အဖွဲ့မှ စီမံကိန်းနှင့် ဆက်သွယ်ရေးအရာရှိ ဒေါ်ဖြူဖြူဇင် တို့က “တာဝန် ယူမှုရှိသော စီးပွားရေးကဏ္ဍ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင် ဦးထိုက်လင်း (MD, SDG Computer Center) က “ တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးတင်မောင်နိုင် (ဥက္ကဌ၊ မြန်မာမုဒိတာ ဖောင်ဒေးရှင်း)က “တာဝန်ယူမှုရှိသော CSO များကဏ္ဍ”ခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေး ကြသည်။
မွန်းလွဲပိုင်းတွင် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးမှုရလဒ်များအပေါ် သုံးသပ်ပြော ကြားသည်။ ဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP မှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာများ စုစုပေါင်း အင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။