ဗီယက်နမ်နိုင်ငံ၊ အစိုးရစစ်ဆေးရေးဌာန(GIV) သို့ အလုပ်သဘောခရီးသွားရောက်ခဲ့မှု

  • Fri, 31 August 2018

 ဗီယက်နမ်နိုင်ငံ၊ အစိုးရစစ်ဆေးရေးဌာန(GIV) သို့ အလုပ်သဘောခရီးသွားရောက်ခဲ့မှု


    မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဗီယက်နမ်နိုင်ငံ  အစိုးရစစ်ဆေးရေး ဌာန ( Government Inspectorate of Vietnam –GIV)  တို့အကြားလက်မှတ်ရေးထိုးထားသည့် နားလည်မှု စာလွှာ(MOU) ပါ နှစ်နိုင်ငံ အဆင့်မြင့်ပုဂ္ဂိုလ်များ အပြန်အလှန်တရားဝင် အလုပ် သဘော ခရီးအစီအစဉ် အရ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှကော်မရှင် အတွင်းရေးမှူးဦးစန်းဝင်း ဦးဆောင် ၍ ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်၊ ကော်မရှင်အဖွဲ့ ဦးဟန်ညွန့်နှင့် ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထက်တို့ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လုပ်ငန်းအတွေ့အကြုံများဖလှယ်ရန်နှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်အတွက် ၂၇-၈-၂၀၁၈ ရက်နေ့မှ ၃၁-၈-၂၀၁၈ ရက်နေ့အထိ အလုပ်သဘောခရီး သွားရောက်ခဲ့ပါသည်။

    အဆိုပါခရီးစဉ်အတွင်း ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ၂၈-၈-၂၀၁၈ ရက်နေ့တွင် တွင် စစ်ဆေးရေးမှူးချုပ် H.E. Mr. Le Minh Khai ဦးဆောင်သော အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ အစိုးရစစ်ဆေးရေးဌာန (GIV) တွင်လည်းကောင်း၊ ညနေပိုင်းတွင် (GIV) မှ ဒုတိယစစ်ဆေးရေးမှူးချုပ် H.E. Mr. Nguyen Van Thanh ဦးဆောင်သော အဖွဲ့နှင့် နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန်ဆွေးနွေးမည့် အစည်း အဝေးသို့ လည်းကောင်း၊ ၂၉-၈-၂၀၁၈ ရက်နေ့တွင် ကွမ်နင်းပြည်နယ်စစ်ဆေးရေးမှူး Mr. Le Van Anh ဦးဆောင်သော အဖွဲ့နှင့် လည်းကောင်း၊ ညနေပိုင်းတွင် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Vu Van Dien နှင့်လည်းကောင်း၊ ၃၀-၈-၂၀၁၈ ရက်နေ့တွင်  နင့်ဘင်းပြည်နယ် ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ Mr. Dinh Chung Phung ဦးဆောင်သော အဖွဲ့နှင့်လည်းကောင်း၊ ၃၁-၈-၂၀၁၈ ရက်နေ့တွင် နင့်ဘင်း ပြည်နယ် ဒုတိယ ပြည်နယ်စစ်ဆေးရေးမှူး Mr. Daung Dinh Thuat နှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

    အလုပ်သဘောခရီး သွားရောက်ခဲ့ခြင်းအားဖြင့် ဗီယက်နမ်နိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ အတွေ့အကြုံများကို လေ့လာသိရှိခဲ့ရခြင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေခြင်း၊ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် ဆောင်ရွက်နေမှုများကိုလည်း ရှင်းလင်းပြောကြားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ ပါသည်။

ဆက်စပ် သတင်းများ