Regional Project on Promoting a Fair Business Environment in ASEAN အဆင့်မြင့်ဆွေးနွေးပွဲနှင့် စီမံကိန်းဘုတ်အဖွဲ့အစည်းအဝေး
- Fri, 24 August 2018
၂၀၁၈ခုနှစ်၊ သြဂုတ်လ ၂၃ရက်နေ့မှ ၂၄ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အာဆီယံဒေသတွင်း မျှတသောစီးပွားရေးဝန်းကျင်တစ်ရပ် မြင့်မားတိုးတက်ရေး စီမံကိန်း (Regional Project on Promoting a Fair Business Environment in ASEAN) ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ခေါင်းဆောင်၍ အဖွဲ့ဝင်(၂)ဦးအဖြစ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင်နှင့်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစိန်ထွန်းလင်း တို့ တက်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံရှိ UNDP ရုံးသည် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်ပါဝင်တက်ရောက်နိုင်ရေး အတွက်လည်း ဖိတ်ကြားခဲ့ရာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တက်ရောက်ခဲ့ပါသည်။
အာဆီယံဒေသတွင်းစီမံကိန်း "Promoting a Fair Business Environment in ASEAN" စတင်သည့် အထိမ်းအမှတ်အဖြစ် အဆင့်မြင့်ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍ နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် UNDPမှ တာဝန်ရှိပုဂ္ဂိုလ် များ စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆင့်မြင့်ဆွေးနွေးပွဲသို့ အာဆီယံစီးပွားရေးအကြံပေးကောင်စီ(ASEAN Business Advisory Council- ASEAN BAC)၊ ASEAN (SR Network နှင့် OECD) အရှေ့တောင်အာရှ အစီအစဉ် စသော ဒေသဆိုင်ရာ မိတ်ဖက်များနှင့် ယူအင်အိုဒီစီ၊ ယူအင်ဂျီစီ (UN Global Compact)၊ TI (Transparency International)၊ ကမ္ဘာ့ဘဏ်၊ OGP (Open Government Partnership) စသော ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်များလည်း တက်ရောက်ခဲ့ကြသဖြင့် ၎င်းတို့၏အတွေ့အကြုံများကို သိရှိပြီး အမြင်ခြင်း ဖလှယ်နိုင်ခွင့်ရရှိခဲ့ပါသည်။
Promotiong a Fair Business Environment in ASEAN ဒေသတွင်းစီမံကိန်းဘုတ် အဖွဲ့ အစည်းအဝေးသို့ ယူအင်ဒီပီ အာရှနှင့် ပစိဖိတ်ဒုတိယဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms Valerie Cliff၊ ယူကေနိုင်ငံအစိုးရ အရှေ့တောင်အာရှ ဒေသဆိုင်ရာ စီးပွားရေးညွှန်ကြားရေးမှူး Mr. Jonathan Tunner နှင့် အတူ ယူအင်ဒီပီ အာရှနှင့် ပစိဖိတ်ဒေသရုံးခွဲ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဘုတ်အဖွဲ့ဝင်များအဖြစ် ယူကေနိုင်ငံအစိုးရ ၏ အထောက်အပံ့ရရှိသော အာဆီယံနိုင်ငံ (၆) နိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင် ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပါ သည်။
အာဆီယံဒေသတွင်းစီမံကိန်းသည် ယူကေ နိုင်ငံခြားနှင့် ဓနသဟာယရုံး၏ အရှေ့တောင်အာရှ ဆိုင်ရာ သာယာဝပြောရေး ရန်ပုံငွေအစီအစဉ်အောက်တွင် ဒေသတွင်းစီးပွားရေး ပြုပြင်ပြောင်းလဲမှုများ နှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန် ဦးတည်ချက်ထားသည့် စီမံကိန်းဖြစ်ပါသည်။ အဓိက ရည်ရွယ် သည်မှာ အာဆီယံဒေသအတွင်း နိုင်ငံအစိုးရများနှင့် ပုဂ္ဂလိက ကဏ္ဍအကြား ပေါ်လစီဆိုင်ရာ အပြန်အလှန် ဆွေးနွေးမှုများဖြင့်လွယ်ကူချောမွေ့သော စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်စေပြီး စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များ ဖော်ဆောင်နိုင်မှုကို တိုက်တွန်းအားပေးရန် ဖြစ်ပါသည်။ နိုင်ငံအလိုက် အကူအညီပေးမှု များတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့အတွက် အများပြည်သူပစ္စည်းဝယ်ယူမှုနှင့် တည်ဆောက် ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိရေးကို သေချာခိုင်မာစေရန် အစိုးရများအား ပံ့ပိုးပေးခြင်း ဖြစ် ပါသည်။ မြန်မာနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့တွင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်မှုများနှင့် ကုစား မှု ယန္တရားများအတွက် ကျွမ်းကျင်မှု အကူအညီပေးရန် ဖြစ်ပါသည်။
အဆင့်မြင့်ဆွေးနွေးပွဲနှင့် ဒေသတွင်းစီမံကိန်း ဘုတ်အဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းဖြင့် အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များအကြား ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြခြင်းဖြင့် အာဆီယံဒေသတွင်း လွယ်ကူစွာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ရေး ဦးတည်ချက်အပေါ် နှစ်ဖက်အမြင်များ ဖလှယ်နိုင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ အတွေ့အကြုံများကို သိရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အဆိုပါဒေသတွင်း စီမံကိန်းအစီအစဉ်အရ စီမံကိန်း အကောင်အထည်ဖော်မှုကို အဓိက တာဝန်ယူရန် အဖွဲ့အစည်းဖြစ်သည့်အတွက် မိမိနိုင်ငံအတွင်း ပေါင်းစပ်ညှိနှိုင်းရေးကိစ္စကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်စသည်တို့နှင့် ညှိနှိုင်းဆောင်ရွက် ရန်ဖြစ်ပါသည်။