အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(SEA-PAC) ၏ (၁၄)ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေး
- Fri, 20 July 2018
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ Metro Manila ရှိ Quezon City၌ ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (South East Asia Parties Against Corruption –SEA-PAC)၏ (၁၄) ကြိမ်မြောက် ရုံးအဖွဲ့အစည်း အဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင်တို့တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(SEA-PAC) အဖွဲ့ဝင်နိုင်ငံပေါင်း (၁၀) နိုင်ငံမှ ကိုယ်စားလှယ်(၂၅) ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးသို့တက်ရောက်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏အတွေ့အကြုံများ ကောင်းမွန် သော အလေ့အထများကို လေ့လာသိရှိရခြင်း၊ SEA-PACအဖွဲ့ဝင်နိုင်ငံများအကြား အဂတိလိုက်စားမှု ကာကွယ် တားဆီးရေးနှင့်တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအတွက် ရေးဆွဲ လျှက်ရှိသည့် Terms of Reference နှင့် စပ်လျဉ်း၍ အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခြင်း၊ အင်ဒိုနီးရှား နိုင်ငံ KPK မှ ဆောင်ရွက်လျှက်ရှိသည့်အဖွဲ့ဝင်နိုင်ငံများမှအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် များနှင့် စပ်လျဉ်း၍ လေ့လာသိရှိရခြင်း၊ ထိုင်းနိုင်ငံ NACC၊ လာအိုနိုင်ငံ SIAA နှင့် ကမ္ဘောဒီးယားနိုင်ငံ ACU တို့မှ ပူးပေါင်းစီစဉ်သည့် အဂတိလိုက်စားမှုနှင့် သက်ဆိုင်သည့် အဓိကပြစ်မှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်မည့် ပထမအကြိမ် သုံးပွင့်ဆိုင် Working Group အစည်းအဝေးကျင်းပမည့် အစီအစဉ်များကို သိရှိရခြင်း၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်းပိုမိုခင်မင်ရင်းနှီးစွာဆက်ဆံနိုင်ခြင်းစသည့် အကျိုး ကျေးဇူးရရှိခဲ့ပြီး မြန်မာနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေနှင့်လည်း လက်ရှိအဂတိ လိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများအပြင် နယ်စပ်ဖြတ်ကျော်သည့် ကုန်သွယ်မှုများ၊ မှုခင်းများ၊ လူကုန် ကူးမှုများ၊ ငွေကြေးခဝါချမှု များနှင့် ပတ်သက်သည့် အဂတိလိုက်စားမှုများအပေါ် SEA-PAC အဖွဲ့ဝင် နိုင်ငံများနှင့် အရှိန်အဟုန် မြှင့် ပူးပေါင်းလေ့လာဆောင်ရွက်သွားမည် ဖြစ်ပါသည်။