ဦးဇော်မိုး(ဦးစီးအရာရှိ၊ မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခြင်း
- Wed, 1 August 2018
နေပြည်တော် သြဂုတ်လ( ၁ )ရက်
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လ.ဝ.က ဦးစီးအရာရှိ ဦးဇော်မိုးသည် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းပြုလုပ်သူများထံမှ ငွေကြေးနှင့် လက်ဆောင် ပစ္စည်းများ တောင်းခံခြင်း၊ ဦးစီးအရာရှိ ရုံးခန်းအတွင်းရှိ အလှူခံပုံးအတွင်းသို့ အလှူငွေများ ထည့်ဝင်ခိုင်းခြင်းတို့ ပြုလုပ်နေမှုအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် သို့ တိုင်ကြားခဲ့ပါသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မိုးညိုမြို့နယ် လ.ဝ.က ဦးစီးအရာရှိ ဦးဇော်မိုးသည် မိုးညိုမြို့နယ် လ.ဝ.က ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ၎င်းလုပ်ပိုင်ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ငွေကျပ် ၆၀၀၀ဝိ/-ကို လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယား ပြုလုပ်သူတို့ထံမှ ငွေကျပ် ၆၀၀၀ဝိ/-နှင့် ၁၉၀၀ဝိ/-တန် အရက်ပုလင်း (၁)လုံးကို လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ လျှောက်ထားသူထံမှ ငွေကျပ် ၂၀၀၀ဝိ/-ကို လည်းကောင်း၊ စုစုပေါင်းငွေကျပ် ငွေကျပ် ၁၄၀၀၀ဝိ/-နှင့် ၁၉၀၀ဝိ/-တန် အရက်ပုလင်း (၁)လုံးကို တောင်းခံရယူခြင်းဖြင့် အဂတိ လိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အပြင် ကျေးရွာနယ်မြေခံ သတင်းများ အရ ငွေကြေးမရလျှင် အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲ၍ လုပ်ငန်း ဆောင်ရွက်မပေးဘဲ ငွေကြေး ပေးမှသာ ဆောင်ရွက်ပေးလေ့ရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးဇော်မိုး အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် ပဲခူးတိုင်း ဒေသကြီး၊ မိုးညိုမြို့၊ မြို့မရဲစခန်းတွင် ၁-၈-၂၀၁၈ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။