အကျိုးစီးပွား ပဋိပက္ခဖြစ်မှုနှင့် ပိုင်ဆိုင်မှုများ ကြေညာခြင်းတို့နှင့် ပတ်သက်၍ ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
- Fri, 6 July 2018
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၅-၆-၂၀၁၈ ရက်နေ့မှ ၇-၆-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ ဒေသတွင် အကျိုးစီးပွား ပဋိပက္ခဖြစ်မှုနှင့် ပိုင်ဆိုင်မှုများ ကြေညာခြင်းတို့နှင့် ပတ်သက်၍ ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on Asset Declarations and Conflicts of Interest in Southeast Asia) သို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇော်နှင့် ဦးစီးအရာရှိ ဦးအောင်နိုင်ထွန်းတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ကိုယ်စားလှယ်(၂) ဦး အပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့မှအဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ စုစုပေါင်း(၄၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းဖြင့် လုပ်ငန်းဗဟုသုတများကို အခြေခံ၍ မိမိတို့ နိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် လုပ်ထုံးလုပ်နည်းများဖြင့် ပိုင်ဆိုင်မှုများ ကြေညာခြင်းနှင့် စိစစ်ခြင်း လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။