အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အမှုဖွင့်အရေးယူ

  • Fri, 27 April 2018

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်းများနှင့် ပတ်သက်၍ အဆောက်အဦးများ အရည်အသွေးပြည့်မီမှုမရှိခြင်း၊ ဌာနအကြီးအကဲ အချို့၏ ပြည်သူ့ဘဏ္ဍာများအပေါ် ကိုယ်ကျိုးသုံးစွဲမှုများအား ဖော်ထုတ်စစ်ဆေးပေးပါရန် တိုင်ကြားလာမှုအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ၂၀၁၇ ခုနှစ်အတွင်း  ၎င်းပိုင်ဆိုင်သည့် မြေကွက်ပေါ်ရှိ နေအိမ်အတွက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အတွင်း အသုံးအဆောင်ပစ္စည်းများအားလည်းကောင်း၊ ၎င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက်နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန်တစ်ခုနှင့် ရေပန်းတစ်ခုတို့အား လည်းကောင်း၊ စုစုပေါင်း တန်ဘိုးငွေကျပ် ၁၅၁,၄၃၉,၇၈၆/- (ကျပ်သိန်းပေါင်းတစ်ထောင့်ငါးရာတစ်ဆယ့် လေးသိန်းသုံးသောင်းကိုးထောင် ခုနှစ်ရာရှစ်ဆယ့်ခြောက်တိတိ)ကို  အဆောက်အဦးများ ဆောက်လုပ်ရန် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီထံမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ  ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင် ၂၀-၄-၂၀၁၈ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ အရေးယူဆောင်ရွက်ခဲ့ပါသည်။

-

ဆက်စပ် သတင်းများ