ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့၌ ကျင်းပသည့် Bilateral Meeting သို့ တက်ရောက်ခြင်း

  • Thu, 8 March 2018

ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့၌ ကျင်းပသည့် Bilateral Meeting သို့ တက်ရောက်ခြင်း


၁။      ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ၂၀၁၈ ခုနှစ်၊ မတ်လ ၅-၆ ရက်နေ့တွင် ကျင်းပသည့် High Level Conference on Sustainable Development, Crime Prevention and State Societies နှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းတို့အကြား ကျင်းပသည့် Bilateral Meeting သို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပါသည်။

၂။      မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ၅-၃-၂၀၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကုလသမဂ္ဂဗဟိုအစည်းအဝေးဌာန၌ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးနှင့် ထိုင်းနိုင်ငံ တရားမျှတမှုဌာနတို့ ပူးပေါင်းကျင်းပသည့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြစ်မှုတားဆီးကာကွယ်ရေးနှင့် လူအဖွဲ့အစည်း ဘေးကင်းလုံခြုံရေး အဆင့်မြင့်ညီလာခံသို့ တက်ရောက်ခဲ့သည်။

၃။      ညီလာခံသို့ အာရှနှင့်ပစိဖိတ်ဒေသအတွင်းရှိ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ လေ့လာသူများ တက်ရောက်ခဲ့ပြီး ထိုင်းဘုရင့်သမီးတော် မင်းသမီး ဘာဂျာရာကစ်တီရာဟာ မဟီဒေါ (Princess Bajrakityabha Mahidol)နှင့် မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးမှ အမှုဆောင် ဒါရိုက်တာ မစ္စတာ ယူရီဖီဒိုတော့ဗ် (Mr. Yury Fedotov) တို့ တက်ရောက်ဖွင့်လှစ် အမှာစကား ပြောကြားခဲ့သည်။

၄။      ဆက်လက်၍ ညီလာခံအစီအစဉ်အပိုင်း(၁)တွင် အရှေ့တောင်အာရှဒေသ တရားဥပဒေ စိုးမိုး ရေးအပေါ် စိန်ခေါ်မှုများခေါင်းစဉ်ဖြင့် ကော်မရှင်ဥက္ကဋ္ဌက ဦးဆောင်ဆွေးနွေးရာ၌ အရှေ့တောင် အာရှဒေသတွင် ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေမဲခဝါချမှု၊ လူကုန်ကူးမှု၊ သဘာဝ အရင်းအမြစ် တရားမဝင်ကုန်သွယ်မှုတို့သည် အဂတိလိုက်စားမှုနှင့်ဆက်စပ်နေကြောင်း၊ အဆိုပါ ပြစ်မှုများသည် အရှေ့တောင်အာရှဒေသ၏ တရားဥပဒေစိုးမိုးရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒေသတွင်း လူ့အဖွဲ့အစည်း၏ ဘေးကင်းလုံခြုံရေးကို အဟန့်အတားဖြစ်စေကြောင်း၊ ဒေသ တွင်းရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းအများအနေဖြင့် အဆိုပါပြစ်မှုများကို အခြား ဆက်နွယ်နေသည့် တာဝန်ရှိအဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းလက်တွဲ တိုက်ဖျက်ရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။

ဆက်စပ် သတင်းများ