Conference of the States Parties to the United Nations Convention Against Corruption (CoSP) Seventh Session
- Wed, 7 February 2018
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် Conference of the States Parties to the United Nations Convention Against Corruption (CoSP) Seventh Session သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ဦးဆောင်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှသန္တာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်အေးတို့ နှင့်အတူ ဗီယင်နာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးအဖွဲ့မှ တာဝန် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ ညီလာခံ၏ (၇) ကြိမ် မြောက် အစည်းအဝေးကို ဗီယင်နာမြို့ရှိ Vienna International Centre (VIC) တွင် ၆-၁၁-၂၀၁၇ မှ ၁၀-၁၁-၂၀၁၇ ရက်နေ့အထိ နေ့စဉ်(၁၀: ၀၀) နာရီမှ (၁၉: ၀၀) နာရီအထိ ကျင်းပပြုလုပ်ရာ အထွေထွေ ဆွေးနွေးမှု မျက်နှာစုံညီအစည်းအဝေးကို ၆-၁၁-၂၀၁၇ ရက်နေ့မှ ၁၀-၁၁-၂၀၁၇ ရက်နေ့အထိ M Hall ခန်းမ၌ လည်းကောင်း၊ Resumed 8th Session of the Implementation Review Group (IRG) အစည်းအဝေးကို ၇-၁၁-၂၀၁၇ မှ ၈-၁၁-၂၀၁၇ ရက်နေ့အထိ Boardroom A ၌လည်းကောင်း၊ တစ်ပြိုင်တည်းကျင်းပပြုလုပ်ပါသည်။ သီးခြားအစီအစဉ် (Special Event) များကိုလည်းRoom M3,M6,M7နှင့် Press Room များတွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံပေါင်း(၁၅၈) နိုင်ငံမှကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မီဒီယာများနှင့်ပုဂ္ဂလိကကဏ္ဍမှပုဂ္ဂိုလ်များ တက် ရောက် ကြပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ယနေ့လို မိမိတို့လုပ်ငန်းနှင့်ပတ်သက်သည့် အစည်းအဝေးမျိုးကို တက်ရောက်ခွင့်ရသည့်အတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကွန်ဗင်းရှင်း အကောင်အထည် ဖော်ဆောင်မှုသုံးသပ်ခြင်းလုပ်ငန်းစဉ်ကို အခြားအဖွဲ့ဝင်နိုင်ငံများ သိရှိစေရန် ဆွေးနွေးခြင်း၊ အခြားအဖွဲ့ဝင်နိုင်ငံများ၏လုပ်ကိုင်ပုံနည်းစနစ်များကို ကြားသိနိုင်ခြင်း၊ မိမိတို့ကသုံးသပ်ခြင်းခံယူရမည့် သုံးသပ်ခံနိုင်ငံအဖြစ် အခြားနိုင်ငံ၏ အတွေ့အကြုံများကိုလေ့လာမှတ်သားနိုင်ခြင်းစသည့် အကျိုးကျေးဇူး များ ရရှိပါသည်။