အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လေ့လာရေးခရီး သွားရောက်မှု

  • Thu, 18 January 2018

           မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ လမ်းပြမြေပုံတစ်ရပ် ရေးဆွဲချမှတ်လျက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရေး ရည်ရွယ်လျက် အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (United Nations Development Programme-UNDP)တို့ ပူးပေါင်းစီစဉ်သည့် အင်ဒိုနီးရှားနိုင်ငံသို့   လေ့လာရေး ခရီးစဉ်အဖြစ် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ မြန်မာနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမျိုးမြင့်၊ ဒေါ်အေးအေးမူ၊  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းနိုင်ထွန်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဘုန်းမြင့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူမာဝေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်တို့ သွားရောက်ခဲ့ကြပါသည်။

          အဆိုပါ လေ့လာရေးခရီးစဉ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အပါအဝင် ဆက်စပ်ပတ်သက်သည့် အဖွဲ့အစည်း(၉)ခုသို့ သွားရောက်လေ့လာခဲ့ပါသည်။

          အင်ဒိုနီးရှားနိုင်ငံ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လေ့လာရေးခရီး သွားရောက်ခြင်းဖြင့် မြန်မာနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်မှု၊ ကြိုတင် တားဆီး ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှု၊ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အခြားအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် စိန်ခေါ်မှုများကို လေ့လာခွင့် ရရှိခဲ့ ပါသည်။

           အဂတိလိုက်စားမှု တိုက်ဖျက်ရေးနယ်ပယ်နှင့် ဆက်စပ်လျက်ရှိသော စုံစမ်းစစ်ဆေးရေး၊ တရားစွဲဆိုတင်ပို့ရေး၊ ငွေကြေးခဝါချမှုနှင့် ပိုင်ဆိုင်မှု ပစ္စည်းများ ပြန်လည်ရယူခြင်း၊ ပိုင်ဆိုင်မှု ကြေညာခြင်း၊ အစိုးရပစ္စည်းဝယ်ယူမှုနှင့် စာရင်းစစ်ဆေးခြင်းများနှင့် ဆက်စပ်သည့် အတွေ့အကြုံများ၊ အင်ဒိုနီးရှားနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတော်သမ္မတ၏ ထောက်ခံမှု၊ ပြည်သူလူထု၏ ယုံကြည်မှုများဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်သည့် အချက်များကို လေ့လာသိရှိခဲ့ရပါသည်။

ဆက်စပ် သတင်းများ