၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်း

  • Fri, 15 December 2017

၁။   မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် မူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာ ကုလသမဂ္ဂရုံး (United Nations Office on Drugs and Crime – UNODC)  နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(United Nations Development Program -UNDP) တို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်၊ Kempinski ဟိုတယ်၌ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပရာ အခမ်းအနားသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က  တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

၂။   အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုဆိုင်ရာ အသိအမြင်များ ကျယ်ပြန့် လာစေရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးအပိုင်းတွင် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (United Nations Convention Against Corruption-UNCAC) ၏ အဓိက ကျသည့် အခန်းကဏ္ဍကို သိရှိနားလည်စေရန်အတွက် ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၅၈/၄ တွင် ဒီဇင်ဘာလ ၉ ရက်နေ့အား "အပြည်ပြည်ဆိုင်ရာ အဂတိလိုက် စားမှုတိုက်ဖျက်ရေးနေ့" အဖြစ် သတ်မှတ်ခဲ့ပါကြောင်း ပြောကြားသည်။

၃။    မြန်မာနိုင်ငံသည် UNCAC ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံဖြစ်လာစေရန် ၂၀၀၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုခဲ့ကြောင်း၊ ယင်းသို့အတည်ပြုလိုက်ခြင်းသည် အဂတိလိုက်စားမှုကင်းစင်သည့် လူ့အသိုက်အဝန်း တစ်ခုဖြစ်လာရန် အဖွဲ့ဝင်နိုင်ငံအားလုံး၏ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ရန် အရေးကြီးသည်ကို ကမ္ဘာကို အသိပေးကြေငြာလိုက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်နှင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်ဆိုသည့် ရည်ရွယ်ချက်များ အကောင်အထည်ဖော်ဖို့ အားစိုက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

၄။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပညာပေးအစီအစဉ်များကို ကျောင်းသားလူငယ်များ သာမက  အခြေခံလူတန်းစားများအထိပါ ပျံ့နှံ့ရောက်ရှိစေရန် ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပညာပေး အစီအစဉ်၏ ကနဦးခြေလှမ်းအဖြစ် ပညာရေးဝန်ကြီး ဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းပြီး အခြေခံပညာအဆင့် စာစီစာကုံး နှင့် ဆောင်းပါးပြိုင်ပွဲများ စီစဉ်ကျင်းပခဲ့ပြီး ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

၅။  ဆက်လက်၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ကော်မရှင်အနေ ဖြင့် UNODC ရုံး၏ မြန်မာနိုင်ငံအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအစီအစဉ်ခွဲ-၂အောက်မှ ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ယင်းလုပ်ငန်းအစီအစဉ်ကို ၂၀၁၉ ခုနှစ် အကုန်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်တွင်လည်း မိမိတို့ကော်မရှင်နှင့် UNODC တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလေးနက် အားကောင်းလာမည်ဟု ယုံကြည်ပါ ကြောင်း၊ ထို့ပြင် ကော်မရှင်သည် UNDP နှင့် လက်တွဲ၍ မြန်မာနိုင်ငံရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံ အဆောက်အုံများအပေါ် လေ့လာဆန်းစစ်ခြင်း လုပ်ငန်းတစ်ရပ်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

၆။    ကော်မရှင်အနေဖြင့် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့(TI)မှ ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု အညွှန်းကိန်း(CPI Index)အရ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အဆင့် ၁၅၇ ရရှိခဲ့ရာမှ မိမိတို့ကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကြိုးပမ်း မှုများကြောင့် ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၃၆ ထိ တိုးတက်ရောက်ရှိခဲ့ပါကြောင်း၊ သို့သော်လည်း CPI အဆင့် ပိုမိုကောင်းမွန်ရေးအတွက် ဆက်လက်ကြိုးပမ်းကြရန် လိုအပ်နေသေးကြောင်း၊ ၎င်းပြင် ကော်မရှင်၏ ၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေ ပါကြောင်း၊ စီမံချက်တွင် စုံစမ်းစစ်ဆေးခြင်း နှင့်တရားစွဲဆိုခြင်း တို့သာမကပဲ ပညာပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း များအပါအဝင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက်ပါ ထည့်သွင်းရေးဆွဲထားပါကြောင်း၊ အဂတိတိုက်ဖျက်ရေး ဥပဒေမူဘောင်များကိုလည်း အားကောင်းလာစေရေးအတွက် ဥပဒေပြုအဖွဲ့အစည်းများသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

၇။    ဆက်လက်၍ UNODC  မှ Regional Office for Southeast Asia and the Pacific မှ Regional Representative Mr. Jeremy Douglas   နှင့်  UNDP  မှ Deputy Country Director Ms. Dawn Del Rio တို့က အမှာစကားပြောကြားပြီး ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ သိသင့်သိထိုက် သည့်အချက်များကို ပြည်သူများ သိရှိနိုင်ရေးအတွက်  Video Clips ဖိုင်ဖြင့် ဖွင့်လှစ်ပြသပါသည်။

၈။   ယင်းနောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် အထက်တန်းအဆင့် "အဂတိကင်းကွာ ပြည်သာယာ" ဆောင်းပါး နှင့် အလယ်တန်းအဆင့် "အဂတိတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြစို့"  စာစီစာကုံး ပြိုင်ပွဲများမှ ဆုရရှိခဲ့ကြသည့် နေပြည်တော်အခြေခံပညာကျောင်းများမ ကျောင်းသား/ သူ(၁၂)ဦးတို့ကို ပြိုင်ပွဲ အလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က လည်းကောင်း၊ နှစ်သိမ့်ဆု (၃)ဆုစီအား UNODC နှင့် UNDP တို့မှ ပုဂ္ဂိုလ်(၂)ဦးကလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြပါသည်။  

၉။   ၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌမှ UNODC၊ UNDP တို့မှ ပုဂ္ဂိုလ်(၂)ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကာ အခမ်းအနားတက်ရောက်သည့် ကိုယ်စားလှယ်များမှ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။  ယင်းနောက် ပြသထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ကာတွန်းနှင့် ဆောင်းပါး များအား ကြည့်ရှုအားပေးကြပြီး တက်ရောက်လာသူများအား အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံပါသည်။

၁၀။  အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ၀န်ကြီးဌာန/အဖွဲ့အစည်းများမှ ပြည်ထောင်စုဝန်ကြီး/ ဒုတိယ၀န်ကြီးများ၊ အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ဆက်စပ်ပတ်သက် သည့်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGOs များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်း မီဒီယာများ၊ ကော်မရှင်ရုံး၀န်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၂၆၀)ဦးခန့် တက်ရောက်ခဲ့ ပါသည်။

ဆက်စပ် သတင်းများ