နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဌာနမှူး (ဒု-ညွှန်ချုပ်) ဦးမင်းလွင်စိုး၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဌာနမှူး (ဒု-ညွှန်ချုပ်) ဒေါက်တာခိုင်စိုးလှတို့အပေါ် အရေးယူဆောင်ရွက်မှု

  • Wed, 1 November 2017

နေပြည်တော်ကောင်စီ၊ ဇေယျာသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်နေ နစ်နာသူတို့က နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမင်းလွင်စိုး၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါက်တာခိုင်စိုးလှ တို့အပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ဈေးခုံစနစ်အား ဖျက်သိမ်း၍ လိုင်စင်စီစနစ်ဖြင့် ပြောင်းလဲလုပ်ကိုင်ရန် ညွှန်ကြားသည့်ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမင်းလွင်စိုးသည် ဝက်သားသတ်လုပ်ငန်းလိုင်စင်စီရရှိသူတစ်ဦးထံမှ ၁၉-၈-၂၀၁၇ ရက်နေ့ တွင် ငွေကျပ် ၁၀ သိန်းနှင့် လက်ဆောင်ခြင်းတို့ကိုလည်းကောင်း၊ ဝတ်သားသတ်လိုင်စင်စီ ရရှိသူတစ်ဦးထံမှ ၂၀၁၇ ခုနှစ် မတ်လတွင် ငွေကျပ် ၂၀ သိန်းကို လည်းကောင်း ရယူခဲ့ခြင်း၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါက်တာ ခိုင်စိုးလှသည် ဝက်သားသတ် လုပ်ငန်းလိုင်စင်စီ ရရှိသူတစ်ဦးထံမှ ၁၁-၈-၂၀၁၇ ရက်နေ့တွင် ငွေကျပ် ၅ သိန်း၊ ၁၉-၈-၂၀၁၇ ရက်နေ့တွင် လက်ဆောင်ခြင်းနှင့် ငွေကျပ် ၁၀ သိန်း ကိုလည်းကောင်း၊  ဝက်သားသတ်လုပ်ငန်း လိုင်စင်စီရရှိသူ တစ်ဦးထံမှ ၂၀၁၇ ခုနှစ် မေလဆန်း တွင် ငွေကျပ် ၄၀ သိန်းကိုလည်းကောင်း ရယူခဲ့ခြင်းတို့သည် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ လာဘ်ငွေ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင်   ၃၁-၁၀-၂၀၁၇ ရက်နေ့၌ တရားစွဲဆို အရေးယူဆောင်ရွက်ခဲ့ပါသည်။

ဆက်စပ် သတင်းများ