မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ လွှဲပေါက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတွာဟင် (ခ) ဦးသန့်ဇင်နှင့် ပင်းတားကျေးရွာ ရာအိမ်မှူး (ရွာခွဲတာဝန်ခံ) ဦးမောင်နုတို့အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ထားရှိမှု
- Tue, 17 October 2017
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ လွဲပေါက်ကုန်းကျေးရွာ အုပ်စု၊ ပင်းတားကျေးရွာနေ နစ်နာသူတို့က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ လွှဲပေါက်ကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတွာဟင် (ခ) ဦးသန့်ဇင်နှင့် ပင်းတားကျေးရွာ ရာအိမ်မှူး (ရွာခွဲတာဝန်ခံ) ဦးမောင်နုတို့အပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ပျော်ဘွယ်မြို့နယ်၊ လွဲပေါက်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးတွာဟင် (ခ) သန့်ဇင်သည် တရားခံ(၃)ဦးအား ရီမန်ဖြင့်ချုပ်နှောင်ထားစဉ် အမှုမှ လွတ်မြောက်အောင် ဆောင်ရွက် ပေးမည်ဟုပြော၍ ငွေကြေးတောင်းခံရယူခဲ့ကြောင်းနှင့် မြေယာပိုင်ဆိုင်မှု ပုံစံ(၇) ခွဲထုတ်ပေးခြင်းတို့အား ဆောင်ရွက်ပေးမည်ဟုပြော၍ ငွေကြေး တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ပင်းတားကျေးရွာ ရာအိမ်မှူး(ရွာခွဲ အုပ်ချုပ်ရေးမှူး) ဦးမောင်နုသည် ဦးတွာဟင် (ခ) ဦးသန့်စင်က ငွေကြေးလက်ခံရယူရာတွင် ၎င်းနေအိမ်၌ လက်ခံတွေ့ဆုံခြင်း၊ ငွေပေးရန် ကမ်းလှမ်းခြင်း၊ ကတိပြုခြင်းနှင့် ငွေများ လက်ခံရယူရာတွင် အတူရှိနေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်တွင် ၁၇-၁၀-၂၀၁၇ ရက်နေ့၌ တရားစွဲဆို အရေးယူဆောင်ရွက် ခဲ့ပါသည်။