မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့မရဲစခန်းမှ လ ၁၉၆၆၁၆ ဒုတိယရဲအုပ်သိန်းထက်နိုင် (ယခု ရဲအုပ်) အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူ ဆောင်ရွက်ထားမှုအခြေအနေ
- Wed, 16 August 2017
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်နေ နစ်နာသူက ရဲအုပ်သိန်းထက်နိုင်သည် ပုသိမ်ကြီးမြို့နယ်တရားရုံး ရာဇဝတ်ကြီး အမှုအမှတ် ၂၁၇၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၈၅ ဖြင့် စစ်ဆေးခံနေရသော အမှုတွင် မမှန်မကန် ဆောင်ရွက်၍ လာဘ်ငွေရယူခြင်းအား အရေးယူပေးပါရန် အမျိုးသားလွှတ်တော်သို့ တိုင်ကြားခဲ့ခြင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့ပါသည်။
လွှဲပြောင်းတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ လ ၁၉၆၆၁၆ ဒုတိယရဲအုပ်သိန်းထက်နိုင် (ယခု ရဲအုပ်) သည် ပုသိမ်ကြီး မြို့မရဲစခန်း (ပ)၂၉၄/၂၀၁၄၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ အမှုကို အမှုစစ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်းအမှုအား မြို့နယ်တရားရုံးသို့ ရာဇဝတ်ကြီးမှုအမှတ် ၂၁၇၀/၂၀၁၄၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် တရားစွဲရာတွင် တရားခံ၏သားဖြစ်သူထံမှ ငွေကျပ် ၁၀ သိန်းကို အကြိမ်ကြိမ်ခွဲ၍ ရယူခြင်း၊ KTV ဆိုင်များသို့ ခေါ်ယူကာ သီဆိုစားသောက်ကုန်ကျစရိတ် ငွေကျပ် ၅၅၀၀၀ဝိ/-(ကျပ်ငါးသိန်းငါးသောင်း)ကို ရှင်းလင်းစေခိုင်းခဲ့သဖြင့် အမှုစစ်ရဲအရာရှိ အဖြစ် ဆောင်ရွက်စဉ် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၇ အရ ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ဩဂုတ်လ(၁၆)ရက်နေ့က တရားစွဲဆို အရေးယူ ဆောင်ရွက်ခဲ့ပါသည်။