မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဥပဒေအရာရှိ ဦးလှဦး (ယခု ဥပဒေအရာရှိ(အဆင့်-၃)၊ ကရင်ပြည်နယ် ဥပဒေချုပ်ရုံး) အပေါ် တိုင်ကြားသည့်ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူဆောင်ရွက်ထားမှုအခြေအနေ
- Sat, 29 July 2017
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သရက်တောကျေးရွာအုပ်စုနေ နစ်နာသူက တရားခံဘက်မှ ငွေကြေးရယူပြီး အကူအညီပေးခဲ့သော ပွင့်ဖြူမြို့နယ် ဥပဒေအရာရှိ ဦးလှဦးအား အရေးယူပေးပါရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ခြင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့ပါသည်။
လွှဲပြောင်းတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ်ဥပဒေအရာရှိ ဦးလှဦး(ယခု ဥပဒေအရာရှိ (အဆင့်-၃)၊ ကရင်ပြည်နယ် ဥပဒေချုပ်ရုံး)သည် ပွင့်ဖြူမြို့နယ် ဥပဒေရုံး၏ တာဝန်ခံဥပဒေ အရာရှိအဖြစ် တာဝန်ထမ်းဆောင်စဉ် ၎င်း၏ရုံးခန်း၌ အမှုသည်နှင့် လက်ခံတွေ့ဆုံ၍ ငွေကြေးတောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။ သို့ဖြစ်၍ ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ဇူလိုင်လ(၂၈) ရက်နေ့က တရားစွဲဆို အရေးယူဆောင်ရွက်လျက် ရှိပါသည်။